နောင်ချို၊ နိုဝင်ဘာ ၄

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ နေ့စဉ် လာရောက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ TNLA က နိုဝင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်းမှာ နောင်ချိုမြို့နယ် ဆမ္မကျေးရွာနဲ့ သကြားစက်ရုံတွေကို စစ်ကောင်စီလေတပ်က ဂျက်ဖိုတာ တိုက်လေယာဉ်နဲ့ သုံးကြိမ်လာရောက်ပြီး ဗုံးသီး ၆ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးမွေးဖွားပြီး သုံးရက်ခန့်သာ ရှိသေးတဲ့ ကလေးမိခင် တစ်ဦး၊ အသက် ၇၀ နှစ်အရွယ် အဘွားအို တစ်ဦးနဲ့ အသက် ၅၀ နှစ်အရွယ် အမျိုးသား တစ်ဦး စုစုပေါင်း သုံးဦး သေဆုံးခဲ့ပြီး သံဃာတော် နှစ်ပါးအပါအဝင် ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ နိုဝင်ဘာ ၂ ရက် ည ၈ နာရီအချိန်ခန့်မှာလည်း နောင်ချိုမြို့နယ် ကတ္တီပင်ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူနေအိမ် ၇ လုံးပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် အဲဒီနေ့ ည ၉ နာရီအချိန်ခန့်မှာလည်း ဒုဋ္ဌဝတီမြစ် တစ်ဖက်ကမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ နောင်ချိုမြို့ကို လက်နက်ကြီးတွေနဲ့ အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။

TNLA ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ သိမ်းပိုက်ထားတဲ့ နောင်ချိုနဲ့ သီပေါမြို့တွေကို တန်ပြန်ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့နယ်တွေကိုပါ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ရှမ်းမြောက်က နောင်ချို၊ ကွတ်ခိုင်၊ သီပေါနဲ့ နမ့်ဆန်မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၃၄ ဦးသေဆုံးခဲ့ပြီး ၈၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.