ဖာပွန်၊ နိုဝင်ဘာ ၄

ကရင်ပြည်နယ် ဖာပွန်ဒေသ ခေါပုတ်စခန်းကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်လံချေမှုန်းခံရတာကြောင့် တပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးပြီး ၁၇ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခေါပုတ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက်ပြေးလွတ်မြောက်သွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖာပွန်ဗျူဟာဘက်မှာရှိတဲ့ သူတို့ရဲ့ တပ်ဖွဲ့တွေထံ ပြန်လည်ပေါင်းစည်းနိုင်ဖို့အတွက် ဦးတည်ထွက်လာခဲ့ကြရာ KNLA တပ်မဟာ ၅ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တို့က လိုက်လံပိတ်ဆို့ ချေမှုန်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့က ခေါပုတ်စခန်းကနေ ထွက်ပြေးလာခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KNLA တပ်မဟာ ၅ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တို့ဟာ ဖာပွန်မြို့နဲ့ ခေါပုတ်အကြားမှာ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇ ဦးကို အရှင်ဖမ်းဆီးရခဲ့ကာ အလောင်း ၁၆ လောင်း ရရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ထဲမှာ ဒုတပ်ရင်မှူးအဆင့်ရှိသူတစ်ဦး ပါဝင်ပြီး အရှင်ဖမ်းဆီးရမိသူတွေထဲမှာ ဒုတပ်ရင်းမှူးအဆင့်ရှိသူတစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးခန့် ကျန်ရှိတော့တယ်လို့ ခန့်မှန်းထားရပြီး သူတို့တွေကိုလည်း KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က လိုက်လံရှင်းလင်းလုပ်ဆောင်နေကြောင်း ဗိုလ်မှူးကြီးစောကလယ်ဒိုက နိုဝင်ဘာ ၄ ရက်နေ့မှာ ပြောပါတယ်။

ခေါပုတ်တပ်စခန်းဟာ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ ၁၉၉၂ ခုနှစ်ကတည်းက စစ်တပ်က စတင်အခြေချတပ်စွဲခဲ့တာဖြစ်ပြီး အဲဒီတပ်စခန်းထဲမှာ ထိုင်း-မြန်မာနယ်စပ်တပ်စခန်းတွေဆီကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စုပေါင်းနေထိုင်ကြတဲ့ အင်အားကြီးစခန်းတစ်ခုလည်း ဖြစ်တာပါ။

စစ်ရေးမဟာဗျူဟာအရ အရေးပါတဲ့ ခေါပုတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသအတွင်းရှိ ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်တာ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်တာနဲ့ ပေါ်တာဆွဲခိုင်းစေတာတွေ စဉ်ဆက်မပြတ် ပြုလုပ်နေတဲ့ တပ်စခန်းတစ်ခုလည်းဖြစ်တယ်လို့ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ ကလည်း ဆိုထားပါတယ်။

အင်အားကြီးတပ်စခန်း ခေါပုတ်စခန်းကို သိမ်းပိုက်ရရှိလိုက်ပြီးတဲ့နောက် ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ ဖာပွန်ဗျူဟာအပါအဝင် တပ်စခန်း ၁၀ ခုလောက်သာ ကျန်ရှိတော့တာ ဖြစ်ပြီး ဖာပွန်ဗျူဟာကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာပါ။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – BPLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.