ဆိုးလ်၊ နိုဝင်ဘာ ၄

တောင်ကိုရီးယား သမ္မတဟာ မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ မူဝါဒတွေကတဆင့် သူ့နိုင်ငံကို နျူကလီယား စစ်ပွဲနဲ့ ကြုံအောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲဖော်ပြထားတဲ့ စက္ကူဖြူစာတမ်းတစ်ခုကို မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ရန်သူ့ နိုင်ငံများကို လေ့လာရေး မြောက်ကိုရီးယား အင်စတီကျုက ရေးသားပြီး KCNA သတင်းဌာနက ဖော်ပြတဲ့ အဲဒီ စက္ကူဖြူစာတမ်းမှာ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုလ်ဟာ စစ်ပွဲနဲ့ ပတ်သက်လို့ မဆင်မခြင် ပြောဆိုပြီး ကိုရီးယားနှစ်နိုင်ငံ သဘောတူညီမှုပါ သတ်မှတ်ချက်တွေကို လျစ်လျူရှုထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ယွန်ဟာ ဂျပန်၊ နေတိုး အဖွဲ့တို့နဲ့ ပိုမို ရင်းနှီးအောင် ကြိုးပမ်းနေပြီး အမေရိကန် စီစဉ်နေတဲ့ နျူကလီယား စစ်ပွဲမှာ ပါဝင် ပတ်သက်နေတယ်လို့လည်း မြောက်ကိုရီးယားက စွပ်စွဲထားပါတယ်။

ဒီလို စစ်ရေးအရ ချဉ်းကပ်မှုတွေကြောင့် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား လက်နက် အင်အားတိုးချဲ့ဖို့ တိုက်ခိုက်ရေး စွမ်းရည် တိုးတက်အောင် လုပ်ဆောင်ဖို့ပဲ ဖြစ်လာစေခဲ့တယ်လို့ အဲဒီ စက္ကူဖြူစာတမ်းမှာ ဖော်ပြပါတယ်။

သမ္မတ ယွန်ဟာ ရှေးရိုးဆန်သူ ဖြစ်ပြီး မြောက်ကိုရီးယားအပေါ် သဘောထား တင်းမာသူလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး သူတို့ရဲ့ နျူကလီးယား လက်နက်တိုက်ကို အင်အား ဖြည့်တင်းနေသလို ပဲ့ထိန်း ဒုံးကျည် စီမံကိန်းကိုလည်း အဆင့်မြှင့်နေပါတယ်။

ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားဆီ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး လက်နက် စမ်းသပ်မှုတွေနဲ့ အတူ တင်းမာမှု မြင့်တက်အောင် လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယား အစိုးရက စွပ်စွဲ ပြစ်တင်ထားပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က တောင်ကိုရီးယားကို အဓိက ရန်သူအဖြစ် သတ်မှတ်ထားပြီး ကိုရီးယား နှစ်နိုင်ငံ သီးခြား ဖြစ်အောင် လုပ်ဆောင်ထားပါတယ်။

နှစ်နိုင်ငံကြား ဆက်သွယ်ထားတဲ့ ရထားလမ်း၊ ကားလမ်းအပိုင်းကို မြောက်ကိုရီးယားက ပြီးခဲ့တဲ့လက ဖောက်ခွဲ ဖျက်ဆီးလိုက်ပြီး နောင်တချိန်ချိန် ပြန်လည် ပေါင်းစည်းရေး ရည်မှန်းချက်တွေကို စွန့်လွှတ်ခဲ့ပါတယ်။

၁၉၅၀ ပြည့်နှစ်ကနေ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲဟာ ငြိမ်းချမ်းရေး သဘောတူညီမှုနဲ့ အဆုံးသတ်ခဲ့တာ မဟုတ်တဲ့အတွက် တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ဟာ စစ်ဖြစ်နေဆဲ သဘော ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဂျပန်၊ တောင်ကိုရီးယားတို့နဲ့အတူ အမေရိကန် ဗုံးကြဲလေယာဉ်တွေ ပါဝင်တဲ့ လေတပ် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

ဒီလို အမေရိကန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေ စစ်ရေး လေ့ကျင့်မှုတွေဟာ မိမိတို့ကို တိုက်ခိုက်ရေး ကြိုတင် ဇာတ်တိုက် လေ့ကျင့်မှု ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.