တနင်္သာရီ၊ နိုဝင်ဘာ ၅
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာလမ်းဆုံမှာ လမ်းကင်းလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားလေးဦး သေဆုံးခဲ့တယ်လို့ တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ ဇဝဲရွာအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းကနေ ခြေလျင်နဲ့စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်သား ၄၀ ကျော်ကို ဘန်းလမွတ်ရွာ လမ်းဆုံရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေဆုံးမှုကို ဒရုန်းနဲ့ စောင့်ကြည့်ပြီး အတည်ပြုနိုင်ခဲ့တယ်လို့ တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်မိုင်းလေးလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားလေးဦး သေဆုံးပြီး ထိ ခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ တနင်္သာရီဘက်ကိုလာမယ့် စစ်ကောင်စီရိက္ခာယာဉ်တန်းကို လမ်းကင်းလုံခြုံရေး ယူပေးဖို့ လာရောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ဘန်းလမွတ်ရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို အဲဒီနေ့ ညနေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီဘက်က ကားတစ်စီးနဲ့ လာရောက်သယ်ယူခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကလည်း စစ်ကောင်စီရိက္ခာယာဉ်တန်း လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ် ဘန်းလမွတ်ရွာအနီးက ဘုရားတောင်ခြေမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားခုနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-တောဗုံးကြီး