မကွေး နိုဝင်ဘာ ၄

မကွေးတိုင်း ဆောမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ အရွယ် အဖိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းမှာ ဆောမြို့နယ် ဦးဖိုးလှိုင်ခန်းမကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဆောမြို့ကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။

“အမျိုးသမီး တစ်ယောက်၊ အမျိုးသား တစ်ယောက် ထိတယ်ဗျ။ အမျိုးသားကတော့ သေဆုံးသွားပါပြီ။ ချင်းလူငယ်တစ်ဦးကိုလည်း ဖမ်းဆီးသွားပါတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ပစ်ခတ်တာကြောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ အသက် ၂၀ အမျိုးသမီးတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တာပါ။

ဆောမြို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့နောက်မှာလည်း နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ၁၅ မိနစ်ခန့် ဖြစ်ခဲ့ပြီး ဒေသခံတချို့ ဘေးလွတ်ရာကို ရှောင်တိမ်းခဲ့ကြရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဗိုလ်မှူးနေရာ အပြောင်းအလဲအတွက် ဆောမြို့ကို ကင်းယူဖို့ ရောက်လာတာဖြစ်ပြီး နံနက် ၁၀ နာရီဝန်းကျင်မှာ ဦးဖိုးလှိုင်ခန်းမကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်းတိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.