ဝါရှင်တန်၊ နိုဝင်ဘာ ၄
နိုဝင်ဘာ ၅ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် နောက်ဆုံး မဲဆွယ်တဲ့နေ့မှာ လက်ရှိ ဒုသမ္မတ ကာမယ်လာ ဟားရစ်က ဂါဇာ စစ်ပွဲ အဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ ပြောဆိုပြီး သမ္မတဟောင်း ဒေါ်နယ်ထရန့်က သူ့အစိုးရအဖွဲ့မှာ ဂျွန်အက်ဖ် ကနေဒီ ဂျူနီယာကို နေရာကြီးကြီး ပေးမယ်လို့ ပြောကြားပါတယ်။
ကိုယ်စားလှယ်လောင်း နှစ်ဦးလုံးဟာ အဓိက အကြိတ်အနယ် ယှဉ်ပြိုင်ကြရမယ့် ပြည်နယ်တွေမှာ နောက်ဆုံးအကြိမ် မဲဆွယ်ခဲ့ပါတယ်။ ဟားရစ်က ပန်ဆယ်ဗေးနီးယားပြည်နယ်နဲ့ ထရန့်ကတော့ မြောက်ကယ်ရိုလိုင်းနားနဲ့ မီချီဂန်ပြည်နယ်တွေမှာ မဲဆွယ်ခဲ့ကြတာပါ။
ဟားရစ်က သူရွေးကောက်ပွဲ နိုင်ရင် ရှိသမျှ အာဏာနဲ့ ဂါဇာ စစ်ပွဲ အဆုံးသတ်ရေး လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ ထရန့်က ပန်ဆယ်ဗေးနီးယား ပြည်နယ်မှာ ရွေးကောက်ပွဲ လိမ်လည်မှု ရှိတယ်လို့ ပြောကြားထားပေမယ့် ဘာ အထောက်အထားမှ မဖော်ပြနိုင်ခဲ့ပါဘူး။
သူ့အနေနဲ့ ရွေးကောက်ပွဲ အနိုင်ရရင် သူ့ရဲ့ အစိုးရအဖွဲ့မှာ သမ္မတဟောင်းရဲ့သား ဂျွန်အက်ဖ် ကနေဒီ ဂျူနီယာကို ရာထူး ကြီးကြီး တစ်နေရာ ပေးသွားမယ်လို့ ပြောပါတယ်။
သဘောထား စစ်တမ်းတွေမှာ ကိုယ်စားလှယ်လောင်း နှစ်ဦးကြား အကြိတ်အနယ် ဖြစ်နေဆဲ ဖြစ်ကြောင်း တွေ့ရပြီး လူပေါင်း ၇၅ သန်းကျော် မဲပေးထားပြီး ဖြစ်ပါတယ်။
ထရန့်က သူသမ္မတ ဖြစ်လာရင် ယူကရိန်း စစ်ပွဲကို ၂၄ နာရီ အတွင်း အဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ ပြောထားပေမယ့် ဘယ်လိုနည်းနဲ့ လုပ်ဆောင်မလဲ ဆိုတာကိုတော့ ပြောပြထားတာ မရှိပါဘူး။
ထရန့် ရွေးကောက်ပွဲ အနိုင်ရမှာကို ဥရောပနဲ့ နေတိုး အဖွဲ့ဝင်နိုင်ငံတွေက စိုးရိမ်နေကြပြီး နေတိုး အဖွဲ့ဝင်တွေ အနေနဲ့ သတ်မှတ်ထားတဲ့ ကာကွယ်ရေး အသုံးစရိတ် ပမာဏအတိုင်း အသုံးမပြုဘူးဆိုရင် ပြဿနာတွေရှိလာမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ယူကရိန်းသို့ ပေးပို့နေတဲ့ အမေရိကန် စစ်ရေး အကူအညီတွေလည်း ဖြတ်တောက်ခံရနိုင်တာကြောင့် ထရန့် သမ္မတ ဖြစ်လာမှာကို ဥရောပ နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။
ထရန့်သာ အာဏာရသွားရင် အမေရိကန်ရဲ့ ဒီမိုကရေစီ အားနည်းသွားနိုင်တယ်လို့ လေ့လာစောင့်ကြည့် သူတွေက ပြောဆိုထားပါတယ်။
Ref:BBC