ကျိုက်ထိုမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေ

ကျိုက်ထို၊ နိုဝင်ဘာ ၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင် အားစုတွေထံကနေ သိရပါတယ်။

တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားနေတဲ့ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် အောက်တိုဘာ ၃၀ ရက်နေ့ကနေ နိုဝင်ဘာ ၃ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေးဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

လတ်တလော တိုက်ပွဲတွေဟာ ပိန္နဲကုန်း၊ ပျဉ်းကတိုးကုန်း၊ မိုးဘောနတ်စင်အပါအဝင် ကျောက်ပုံကျေးရွာဘက်တွေမှာ ဖြစ်ပွားနေပြီး စစ်ကောင်စီစစ်ကြောင်းက ပျဉ်းကတိုးကုန်းကျေးရွာ ပတ်ဝန်း ကျင်မှာ ဆက်ရှိနေတာပါ။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်ကောင်စီတပ် စစ်ကြောင်းပြန်မထွက်သေးတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနိုင်သေးတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပိန္နဲကုန်းကျေးရွာက ပြည်သူပိုင်နေအိမ်တစ်လုံးနဲ့ ဘုန်းကြီးကျောင်း ဇရပ်တစ်ဆောင် ထိခိုက်ပျက်စီးထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် မဲရုံကြီး၊ မဲရုံလေး၊ ကျောက်ပုံ၊ ပိန္နဲကုန်း၊ ပျဉ်းကတိုးကုန်း၊ ကျောက်ပုံ၊ မိုးဘေနတ်စင်၊ ကျေးရွာတွေဘက်ကဒေသခံတွေ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

ကျိုက်ထိုမြို့နယ်က တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အထူးသတိရှိကြဖို့နဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ မတိုးနိုင်အောင် ကြိုတင်ရှောင်ရှားကြဖို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.