ဘန်ကောက်၊ နိုဝင်ဘာ ၂

ဗျူဟာ အသစ်တွေကို စမ်းသပ် အသုံးပြုဖို့ ထိုင်းအစိုးရက ပြည်နယ် ၁၀ ခုကို ပထမဆုံးပြည်နယ်တွေအဖြစ် သတ်မှတ်ပြီး မူးယစ်ဆေးဝါးနဲ့ ဆက်စပ် ပြဿနာတွေကို ဖြေရှင်းရေး ထိထိရောက်ရောက် လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး ပြဿနာရဲ့ လူမှု အသိုင်းအဝိုင်းအပေါ် ပိုမို ကျယ်ပြန့်စွာ သက်ရောက်မှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက အလေးထားပြောဆိုပြီး ဒီစိန်ခေါ်မှုကို တိုက်ဖျက်ရေး အရေးတကြီး လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မူးယစ်ဆေးဝါး ပြဿနာဟာ နိုင်ငံတော် တိုးတက်ရေးနဲ့ တခြား မူဝါဒတွေ အောင်မြင်ရေး အတွက် သိသာတဲ့ အတားအဆီးတွေ ဖြစ်တယ်လို့ ရှုမြင်ခံထားရတာကြောင့် အစိုးရက အရေးတကြီး အာရုံစိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်လို့ လွှတ်တော်သို့ ရှင်းလင်း တင်ပြထားပြီးဖြစ်တာကြောင့် အရေးကြီးတဲ့ စီမံကိန်း ဖြစ်ကြောင်း ဖော်ပြနေပါတယ်။

ဒေသတချို့မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ် အောင်မြင်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောကြားပြီး စီမံကိန်းကို တိုးချဲ့ လုပ်ဆောင် သွားဖို့ လိုတယ်လို့ ဆိုပါတယ်။

ချင်းမိုင်၊ ဥသိုင်ဌာနီ၊ ပရာချွတ် ခီရီခန်း၊ ဆာခွန် နက်ခွန်၊ နာခွန် ဖါနွန်၊ ရာယောင်း၊ နာခွန် ဆီ သမ်မာရတ်၊ ထရန်၊ နာရာသီဝစ် ပြည်နယ်တို့ကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်း စတင်မယ့် ပထမဆုံးပြည်နယ်တွေအဖြစ် ထိုင်းအစိုးရက သတ်မှတ်ထားပါတယ်။

ဒီလိုမူးယစ်ဆေးဝါး တိုက်ဖျက်ရာမှာ လူမှုအသိုင်းအဝိုင်းက ပူးပေါင်းပါဝင်လာစေရေး၊ နှိမ်နှင်းရေးနဲ့ ပြန်လည် နလံထူရေး၊ ဆေးဖြတ်နိုင်ရေး၊ မူးယစ်ဆေးရောင်းသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရေး၊ပြန်လည်ထူထောင်ရေးအတွက် အကူအညီပေးရေးနဲ့ ပြစ်မှုကျူးလွန်ပြီးနောက် လူ့အသိုင်းအဝိုင်းနဲ့ သဟဇာတ ဖြစ်အောင် ကူညီပေးရေး စတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။

ထိုင်းမှာ ဆေးခြောက်ကို တရားဝင် ခွင့်ပြုခဲ့ပြီးနောက် အစိုးရ အပြောင်းအလဲကြောင့် ဥပဒေ ပြန်ပြောင်းဖို့ စီစဉ်ခဲ့ပါတယ်။

မက်သာဖက်တမင်း မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိလို့ အရေးယူ ခံရနိုင်တဲ့ ဆေးပြား အရေအတွက် သတ်မှတ်ချက်ကိုလည်း ထိုင်းအစိုးရက ပြင်ဆင်ခဲ့ပါတယ်။

အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ အခြေအနေ မငြိမ်သက်မှုကြောင့် ထိုင်းနိုင်ငံဟာ မူးယစ်ဆေးဝါး ကုန်သွယ်မှုရဲ့ အဓိက ဖြတ်လမ်း ဖြစ်လာတယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။

ထိုင်း၊ လာအိုနဲ့ မြန်မာနိုင်ငံတို့ ထိစပ်နေတဲ့ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု သိသိသာသာ ပိုများလာပြီး မက်သာဖက်တမင်း (ခေါ်) ယာဘ ဆေးပြားဝယ်ယူရတာဟာ ဘီယာ ဝယ်ရတာထက် ပိုလွယ်ကူနေတယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။

Ref:TheThaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.