ဘေရွတ်၊ အောက်တိုဘာ ၃၁

ဟစ်ဇဘိုလာအဖွဲ့ရဲ့ တပ်စခန်းတွေကို လေကြောင်းက တိုက်ခိုက်မှု အရှိန်မြှင့် ပြုလုပ်နေချိန်မှာ အရပ်သားတွေ ထွက်ပြေးကြဖို့ အစ္စရေးတပ်တွေက သတိပေးထားပြီးနောက် သတ်မှတ်ချက် တချို့နဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူနိုင်တယ်လို့ လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟစ်ဇဘိုလာရဲ့ ခေါင်းဆောင်အသစ်က ပြောကြားလိုက်ပါတယ်။

လက်ဘနွန်နိုင်ငံ အရှေ့ပိုင်း ဘာအယ်လ်ဘာ့ခ်မြို့ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး နောက်ထပ် ဟစ်ဇဘိုလာ တပ်မှူး တစ်ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ကြေညာထားချိန်မှာ ခေါင်းဆောင်အသစ် နာအမ် ခါဆမ်ရဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အစ္စရေး ကာကွယ်ရေးဝန်ကြီးအဖွဲ့က ဖြစ်နိုင်ခြေရှိတဲ့ အပစ်ရပ် သဘောတူညီမှု ရရှိရေး ဆွေးနွေးနေပါတယ်။ပြီးခဲ့တဲ့လက အစ္စရေးရဲ့ ကြီးမားတဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ဟစ်ဇဘိုလာအဖွဲ့ရဲ့ ကာလရှည် ခေါင်းဆောင် ဟာဆန် နာဆရယ်လာ သေဆုံးသွားပြီးနောက် နာအမ် ခါဆမ်ဟာ အောက်တိုဘာ ၂၉ ရက်ကစလို့ ခေါင်းဆောင်သစ် ဖြစ်လာခဲ့တာပါ။

ကွယ်လွန်သွားတဲ့ ခေါင်းဆောင်ဟောင်းရဲ့ နည်းလမ်းတွေအတိုင်း လုပ်ဆောင်မှာဖြစ်ပြီး အစ္စရေးရဲ့ လေကြောင်းနဲ့ မြေပြင် ထိုးစစ်တွေကို ဆက်လက် ခုခံသွားမယ်လို့ ခေါင်းဆောင်အသစ် ခါဆမ်က သူ့ရဲ့ ပထမဆုံး မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အစ္စရေးရဲ့ ကမ်းလှမ်းမှု ရှိမယ်ဆိုရင် အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းဖို့ လမ်းဖွင့်ထားတယ်လို့ သူက ပြောပါတယ်။

အစ္စရေးအနေနဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် မိမိတို့ လက်ခံတယ်လို့ ပြောမှာ ဖြစ်ပေမယ့် သင့်တော်မှုရှိတဲ့ သတ်မှတ်ချက်တွေပါဝင်မှပဲ လက်ခံမယ်လို့ ခါဆမ်က ပြောပါတယ်။

ဟစ်ဇဘိုလာအဖွဲ့ အနေနဲ့ အပစ်ရပ်ဖို့ ခခယယ တောင်းဆိုနေမှာတော့ မဟုတ်ဘူးလို့ ခါဆမ်က ပြောကြားထားပြီး လာမယ့်လတွေမှာလည်း အစ္စရေးကို ဆက်လက် ခုခံ တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

ဒီအချိန်မှာ ကာကွယ်ရေးဝန်ကြီး ဦးဆောင်တဲ့ အစ္စရေး အရာရှိတွေက ဘယ်လို သတ်မှတ်ချက်တွေနဲ့ အပစ်ခတ် ရပ်စဲရေး သဘောတူညီမှု ရနိုင်မလဲ ဆိုတာကို ဆွေးနွေးနေကြပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ ဟားမာ့စ်အဖွဲ့က အစ္စရေး တောင်ပိုင်းသို့ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာစစ်ပွဲ စတင်လာခဲ့ပြီး မဟာမိတ်ဖြစ်တဲ့ ဟစ်ဇဘိုလာက အစ္စရေးကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စက်တင်ဘာလကုန်ပိုင်းက စတင်ခဲ့တဲ့ လက်ဘနွန်စစ်ပွဲအတွင်း သေဆုံးသူ ၁၇၅၄ ဦး ရှိတယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပေမယ့် လက်လှမ်းမမီနိုင်တဲ့ ဒေသတွေ ရှိနေတာကြောင့် သေဆုံးသူ ပိုများ နိုင်ပါတယ်။

လက်ဘနွန်ရှိ ဟစ်ဇဘိုလာအဖွဲ့ကို စက်တင်ဘာ ၂၀ ရက်က မြေပြင်ထိုးစစ် စတင်ပြီး နောက်ပိုင်း သူတို့ရဲ့တပ်ဖွဲ့ဝင် ၃၇ ဦး သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ အစ္စရေးက ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.