မော်လမြိုင် ၊ နိုဝင်ဘာ ၁
မွန်ပြည်နယ်မှာ တရားမဝင်ကုန်ပစ္စည်း အကြောင်းပြချက်နဲ့ ထိုင်းကုန်ပစ္စည်းတွေကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးနေတဲ့အတွက် ကုန်ပစ္စည်းပြတ်လပ်လာနိုင်တယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယအပတ်ကစပြီး မွန်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းတွေကို စစ်ဆေးရေးဂိတ်တွေအပြင် သိုလှောင်ရုံ ဂိုဒေါင်တွေအထိ လိုက်လံဖမ်း ဆီးပြီး ပစ္စည်းတွေကိုပါ သိမ်းယူနေပါတယ်။
အဲဒီထဲမှာ အောက်တိုဘာ ၂၈ ရက်နေ့က သံဖြူဇရပ်-ရေး ကားလမ်းမပေါ်မှာရှိတဲ့ “ပင” စစ်ဆေးရေးဂိတ်မှာ ကျပ် ၂၀၀ သိန်းကျော် တန်းဖိုရှိတဲ့ ထိုင်းကုန်ပစ္စည်းမျိုးစုံနဲ့ တင်ဆောင်လာတဲ့ ကုန်တင်ကားကိုပါ သိမ်းဆည်းခဲ့ပါတယ်။
အဲဒီနေ့မှာပဲ မရမ်းချောင် စစ်ဆေးရေးစခန်းမှာ ကျပ် ၆၅ သိန်းတန်ဖိုးရှိ ထိုင်းစားသောက်ကုန် ပစ္စည်းနှစ်မျိုးနဲ့ တင်ဆောင်လာတဲ့ ကုန်တင်ကားကိုပါ ထပ်မံသိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။
ကုန်သည်တစ်ဦးကတော့ ထိုင်းကုန်ပစ္စည်းတွေကို ဒေသတွင်းမှာ ဖမ်းဆီးနေပေမယ့် လမ်းကြောင်းတစ်လျှောက် စစ်ကောင်စီဂိတ်တွေက ပိုက်ဆံယူပြီး လွှတ်ပေးနေတာကြောင့် တရားမဝင် ကုန် သွယ်မှု ပပျောက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။
“မြေပြင်မှာ အကုန်လုံးက ပေးသွားနေရတာ။ အဓိကပေးသွားနေရတာကြောင့် ဒီတရားမဝင်ကုန်သွယ်မှုဆိုတာ ပေါ်ပေါက်လာတာ။ ဂိတ်တွေက ပိုက်ဆံယူနေသ၍ ကာလပတ်လုံး ဘယ်တော့မှ တ ရားမဝင်ကမပျောက်ဘူး။ နိုင်ငံတကာမှာလို စနစ်ကို အကောင်အထည် ဖော်ဖို့အတွက်က သူတို့ နယ်မြေကြီးကလည်း တရားဥပဒေ စိုးမိုးဖို့လိုအပ်တယ်။ တရားဥပဒေမစိုးမိုးသ၍ ကာလပတ်လုံး ဒီအောက်ကလူတွေက နှစ်ဖက်ကြောက်နေရမှာပဲ” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ထိုင်းကုန်ပစ္စည်းတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးဖမ်းဆီးတာအပြင် ဒေသတွင်းက ပွဲရုံတွေ၊ ဂိုဒေါင်တွေနဲ့ လက်လီရောင်းချနေတဲ့ ဈေးတွေအထိ နေ့စဉ်နီးပါးဝင်ရောက်ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင်သွင်းကုန်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီဘက်က လိုက် လံဖမ်းဆီးနေတာကြောင့် ဒေသတွင်းမှာ လူသုံးများတဲ့ ထိုင်းကုန်ပစ္စည်းတွေ ပြတ်လပ်လာနိုင်တယ်လို့ ကုန်သည်တွေက ပြောကြပါတယ်။
စီးပွားရေးပညာရှင်တစ်ဦးကတော့ ထိုင်းကုန်ပစ္စည်းတွေကို စစ်ကောင်စီက သွင်းကုန်လိုင်စင် မချပေးတာ ကြောင့် မှောင်ခိုဝင်ရောက်တာဖြစ်ပြီး အခုလို ဖမ်းဆီးနေတာကြောင့် ဈေးကွက်ပျောက်ကာ ဈေးနှုန်းထပ်မံကြီးမြင့်နိုင်တယ်လို့ ပြောပါတယ်။
“နံပါတ် ၁ အချက်ကတော့ ဒီရောင်းလိုအားကို သွားထိမယ်။ ကုန်ပစ္စည်းတွေ ဖြန့်ဖြူးတဲ့ဟာ ဘာညာက ဈေးကွက်ထဲက ပျောက်သွားမှာပေါ့။ ပျောက်သွားတဲ့အတွက် ဘာဖြစ်မလဲဆိုတော့ ဒီမှောင် ခိုကတော့ ပျောက်မသွားဘူး။ ဒါပေမယ့် အဖမ်းအဆီးတွေရှိတဲ့အတွက် ပစ္စည်းတွေက ဈေးကွက်ကနေ ပျောက်သွားပြီးတော့ ဒီပေါ်လာတဲ့ဟာလေးတွေက ဈေးတက်မယ်”လို့ ဆိုပါတယ်။
ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တရားမဝင်ကုန်သွယ်မှုတွေကို နယ်စပ်ဒေသ ကုန်သွယ်မှုလမ်းကြောင်းအပြင် ပြည်တွင်းသိုလှောင်ရုံနဲ့ ဈေးကွက်အထိ ဝင်ရောက်စစ်ဆေး အ ရေးယူသွားမယ်လို့ ပြောဆိုခဲ့ပြီးနောက် အောက်တိုဘာ ဒုတိယပတ်ကစတင်ကာ ထိုင်းကုန်ပစ္စည်းတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးနေတာပါ။
တရားမဝင်ကုန်သွယ်မှုတွေကြောင့် ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်း လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်မှုကို ရုတ်လျော့စေတာကြောင့် ပြတ်ပြတ်သားသား တားဆီးကာကွယ်သွားမယ်လို့ ကြုံးဝါးထားပါတယ်။
မွန်ပြည်နယ်ဟာ ထိုင်းနိုင်ငံကနေ အခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းအပါအဝင် အထွေထွေသုံး ကုန်ပစ္စည်းတွေကိုပါ အဓိကအားထားပြီး တင်သွင်းအသုံးပြုနေရတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ