ဝါရှင်တန်၊ အောက်တိုဘာ ၃၁

ရုရှား စစ်ဝတ်စုံ ဝတ်ဆင်ထားကြတဲ့ မြောက်ကိုရီးယား စစ်သားတွေဟာ ရုရှား စစ်လက်နက်တွေ သယ်ဆောင်ပြီး ယူကရိန်းဆီ ဦးတည်လာနေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်က အောက်တိုဘာ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားက ရုရှားအတွက် စစ်သား အင်အား ၁၂၀၀၀ အထိ ချထားမှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ပိုများလာချိန်မှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ယောင်ဟွန်နဲ့အတူ ဝါရှင်တန်မြို့တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား စစ်သားတချို့ဟာ ယူကရိန်း နယ်စပ်ရှိ ရုရှားရဲ့ ကာ့စ်ဒေသသို့ ဦးတည်သွားနေပြီ ဖြစ်ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြောထားပါတယ်။

အဲဒီဒေသမှာ ထိုးစစ်ဆင်နေတဲ့ ယူကရိန်းတပ်ဖွဲ့တွေကို တိုက်ထုတ်ဖို့ ရုရှား တပ်တွေ ခက်ခက်ခဲခဲ ကြိုးပမ်းနေရပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားတို့ ဆက်ဆံရေး အားကောင်းလာမှုကြောင့် ပြုံးယမ်းရဲ့ စစ်သားတွေ စေလွှတ်ပေးမှုအတွက် ကရင်မလင်က ဘယ်လို စစ်ရေး အကူအညီ ပြန်ပေးမလဲဆိုတာကို ကမ္ဘာ့ခေါင်းဆောင်တွေက စိုးရိမ်နေကြပါတယ်။

မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၄၅၀၀ လောက်အထိ ယူကရိန်း နယ်စပ်ဆီ အခု သီတင်းပတ်အတွင်း ရောက်ရှိလာနိုင်တယ်လို့ ယူကရိန်းရဲ့ ကုလသမဂ္ဂ သံအမတ်ကြီးက အောက်တိုဘာ ၃၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ အရေးပေါ် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား စစ်သားတွေဟာ ယူကရိန်းကို တိုက်ခိုက်ရာမှာ နိုဝင်ဘာလကစတင်ပြီး တိုက်ရိုက် ပါဝင်လာ တော့မှာ ဖြစ်တယ်လို့ သူက ပြောဆိုထားပါတယ်။

မြောက်ကိုရီးယား စစ်သားတွေ ချထားမှုကြောင့် ရုရှား-ယူကရိန်း စစ်ပွဲ ပိုမို ကျယ်ပြန့်လာနိုင်သလို ပိုမို ရှည်ကြာလာနိုင်တာကြောင့် ဘယ်လို တုံ့ပြန်သင့်သလဲ ဆိုတာနဲ့ ပတ်သက်လို့ အရာရှိတွေ ဆွေးနွေးနေကြတယ်လို့ အော်စတင်က ပြောပါတယ်။

မြောက်ကိုရီးယား စစ်သားတွေဟာ ရုရှား- ယူကရိန်း နယ်စပ်နဲ့ မိုင် ၃၀ အကွာကို ရောက်ရှိနေပြီလို့ ယူကရိန်းအရာရှိ တစ်ဦးက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ လုပ်ရပ်ကြောင့် တခြားနိုင်ငံတွေလည်း ယူကရိန်း စစ်ပွဲမှာ တိုက်ရိုက် ပါဝင်ဖို့ ဖြစ်လာနိုင်သလားဆိုတဲ့ မေးခွန်းကို ဝန်ကြီး အော်စတင်က တခြား နိုင်ငံတွေက တုံ့ပြန်ဖို့ ဖြစ်လာစေနိုင်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ပြောကြားခဲ့ပေမယ့် အသေးစိတ်ကိုတော့ ပြောမသွားပါဘူး။

မြောက်ကိုရီးယားအနေနဲ့ ရုရှားရှိ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လည် ခေါ်ယူဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က တိုက်တွန်းထားပါတယ်။

ရုရှားက အခုလို မြောက်ကိုရီးယား စစ်သားတွေကို ခေါ်ယူ အသုံးပြုနေရတာဟာ နှစ်နှစ်ကျော် အတွင်း စစ်သားတွေ အများကြီး ဆုံးရှုံးလိုက်ရကြောင်း ဖော်ပြနေတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

ရုရှားရဲ့ အချုပ်အခြာ အာဏာနဲ့ လုံခြုံရေး အကျိုးစီးပွားတွေ ခြိမ်းခြောက်ခံရရင် ပြုံးယမ်းက တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်က ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.