မကွေး အောက်တိုဘာ ၃၁
မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးတယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းတာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာ မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာ လမ်းပိုင်းပေါ်က မဲဇလီကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့မှု ဖြစ်ခဲ့တာပါ။
“ကင်းပုန်းဝပ်နေတဲ့ စကစတွေကို လက်ဦးမှု ယူပြီး တိုက်ခိုက်ခဲ့တာပါ။တိုက်ခိုက်ပြီးနောက်ပိုင်း ထူးခြားမှုတော့ မရှိသေးပါဘူး” လို့ သရက်ခရိုင်တပ်ရင်း ၄ ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီနေရာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး တိုက်ခိုက်ခံရမှုကြောင့်၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
သရက်ခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ က လက်ဦးမှု ရယူတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာမြင့်ချိန် ၁၅ မိနစ်ဝန်းကျင်ရှိကာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေကို ဥသျှစ်ပင်ဘက်ကို သယ်ယူသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်ကလည်း မင်းတုန်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့ နယ်မြေလုံခြုံရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံးခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – သရက်ခရိုင် အမှတ် ၄ တပ်ရင်း