ပေါင်၊ အောက်တိုဘာ ၃၁

မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်နဲ့ဝဲပတန်ကျေးရွာတို့မှာ ဝမ်းရောဂါကူးစက်ခံရသူ ၇၀ နီးပါး ရှိလာပြီး အဲဒီထဲက စိုးရိမ်ရတဲ့လူနာငါးဦးကို မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေထံကနေ သိရပါတယ်။

ပင်လယ်ကမ်းစပ်ရွာတွေဖြစ်တဲ့ အဲဒီကျေးရွာနှစ်ရွာမှာ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ပင်လယ်က ပြန်လာတဲ့ ငါးဖမ်းစက်လှေလုပ်သားတွေ ဝမ်းရောဂါဖြစ်ပွားခဲ့ပြီး အဲဒီနောက်မိသားစုဝင်တွေပါ ကူးစက်မှုတွေရှိလာခဲ့ပါတယ်။

ဝမ်းရောဂါကူးစက်ခံရသူတွေကို အလှပ်တိုက်နယ်ဆေးရုံ၊ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံတို့မှာ ကုသပေးနေပြီး အဲဒီထဲကစိုးရိမ်ရတဲ့လူနာငါးဦးကို မော်လမြိုင်ဆေးရုံကြီးထံ ပို့ဆောင်ထားတာ ဖြစ်ပါတယ်။

ဝမ်းရောဂါကူးစက်မှုတွေ ရှိနေတဲ့အတွက် ကျေးရွာအတွင်းရှိ ရေတွင်း၊ ရေကန်တွေမှာ ကလိုရင်းဆေးခတ်တာ၊ ဆေးဖြန်းတာအပြင် ဝမ်းရောဂါထိန်းချုပ်နိုင်ဖို့အတွက် အသိပညာပေးမှုတွေ လုပ် ဆောင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ ပင်လယ်ပြင်က ပြန်လာတဲ့ ငါးဖမ်း လုပ်သားတွေကနေတဆင့် ဝမ်းရောဂါကူးစက်ခံရသူ ၁၅၀ ကျော်အထိ ရှိခဲ့ပြီး အဲဒီထဲမှာ ခြောက်ဦး သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.