ရန်ကုန် ၊ နိုဝင်ဘာ ၁

စစ်ကောင်စီနဲ့ ဆက်နွယ်ပြီး အွန်လိုင်းလူမှုကွန်ရက်တွေပေါ်မှာ ရေးသားဝေဖန်သူတွေကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေအောင် လှုံ့ဆော်ဝါဒဖြန့်တဲ့ အကြောင်းပြချက်နဲ့ ခပ်စိပ်စိပ် ဖမ်းဆီးလာပါတယ်။

အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သားမက် ဒေါက်တာနေစိုးမောင်နဲ့ မြန်မာ့ရုပ်ရှင်လောကကို ဝေ ဖန်ရေးသားတဲ့ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားတို့ဟာ လွန်ခဲ့တဲ့တစ်ပတ်ကျော်အတွင်း ရှေ့ ဆင့်နောက်ဆင့် ဖမ်းဆီးခံခဲ့ရတာပါ။

သူတို့ နှစ်ဦးကို စစ်ကောင်စီက နေအိမ်အတွင်း လာရောက်ဖမ်းဆီးတာမျိုး မဟုတ်ဘဲ တစ်နေရာရာကိုသွားရင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လေးငါးရက်ကြာမှသာ နိုင်ငံပိုင်သတင်းစာတွေကနေတဆင့် သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေအောင် လူမှုကွန်ရက်ပေါ် လှုံ့ဆော်ဝါဒဖြန့်ခဲ့တယ်ဆိုပြီး သက်ဆိုင် ရာ မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးအရေးယူထားတယ်လို့ ပြောပေမယ့် ဘယ်ပုဒ်မနဲ့ အမှုဖွင့်ထားတယ်ဆိုတာ မဖော်ပြပါဘူး။

အသံအဖွဲ့ရဲ့ တာဝန်ရှိသူ မဇက်ပီက လူတိုင်းရဲ့ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်ဟာ မင်းအောင်လှိုင်မ ကလို့ အနုပညာဖန်ဆီးမှုအလယ် NUG/CRPH အဆုံး ဝေဖန်မှုတွေကို တားဆီးပိတ်ပင်လို့ မရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုဖြစ်စဉ်ကို ကြည့်ရင် နေစိုးမောင်ကိစ္စက မင်းအောင်လှိုင်ကို တိုက်ရိုက်ဝေဖန်တာပေါ့။ ဘယ်ကိစ္စကိုပဲကြည့်ကြည့်ပါ။ လူတိုင်းက လွတ်လပ်တဲ့အတွေးအမြင် ထင်မြင်ယူဆချက်တွေ ရေးသားပြောဆိုနိုင်ခွင့် ရှိရပါမယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က ကျယ်ပြန့်တယ်။ ဒါကြောင့်မို့ မင်းအောင်လှိုင်မကလို့ စစ်တပ်ပဲဝေဖန်ဝေဖန် အနုပညာဖန်တီးမှုတွေကိုပဲ ဝေဖန်ဝေဖန် အဆုံးအထိ NUG CRPH ပဲ ဝေဖန်ဝေဖန်ပေါ့။ လူတိုင်းရဲ့ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်က တားဆီးပိတ်ပင်လို့ မရပါဘူး” လို့ ဆိုပါတယ်။

ဒေါက်တာနေစိုးမောင်က နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ NLD ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်ခဲ့တာနဲ့ပတ်သက်ပြီး သူ့ရဲ့ Facebook ကနေ လွတ်လပ်တရားမျှတပြီး လူကိုလူလို ဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေလို့ “ရေးသားခဲ့တာပါ။

ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားကတော့ “ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး”ရုပ်ရှင်အပေါ် ဟိန္ဒူရိုးရာယဉ်ကျေးမှုကို နှိမ့်ချဟာသလုပ်ထားတယ်ဆိုပြီး အဲဒီရုပ်ရှင်ကိုကန့်ကွက်ကြောင်း ရေးသားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ လူမှုကွန်ရက်ပေါ်မှာ သူတို့ကိုတိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ဆန့်ကျင်ဝေ ဖန်တဲ့ အွန်လိုင်းပလက်ဖောင်းအစုံကပိုစ့်တွေ အကောင့်ပိုင်ရှင်တွေကို စောင့်ကြည့်ပြီး အရေးယူတာတွေ လုပ်လေ့ရှိပါတယ်။

အလားတူ NUG ၊ CRPH အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတာ၊ကူညီတာ၊ လိုက်ပါလုပ်ဆောင်တာ၊ရေးသားပြောဆိုဆက်သွယ်မှုတွေကိုလည်း ၂၀၂၂ ခုနှစ် ဇန်နဝါ ရီကတည်းက ပြစ်ဒဏ်ချ အရေးယူလာခဲ့တာပါ။

ဒါကြောင့် ပြည်သူတွေကို ရန်သူလို သဘောထားတဲ့ စစ်တပ်ရဲ့ လုပ်ရပ်ဟာ နေ့စဉ်ကြုံတွေ့နေရတာဖြစ်တဲ့ အတွက် စစ်တပ်ပြုတ်ကျရေးအတွက် အားလုံး အရှိန်အဟုန်မြှင့်ဖို့ မဇက်ပီက တိုက်တွန်းပါတယ်။

“စစ်တပ်ရဲ့ လုပ်ရပ်က ပြည်သူတွေကို သူတို့ရဲ့ ရန်သူတွေလို သဘောထားပြီး သူတို့ရဲ့ သဘောထား မတိုက်ဆိုင်ရုံလေးနဲ့ ကြီးမားတဲ့ ပြစ်ဒဏ်တွေခတ်နေတာက တကယ့်ကို ရင်လေးစရာပဲ။ ကျွန်မတို့ အားလုံးကြုံတွေ့နေရတာပဲ။ ဒါနိစ္စဓူဝ‌ပေါ့။ ဆိုတော့ စစ်တပ်မပြုတ်မချင်း ဒါတွေက ဆက်ဖြစ်နေဦးမှာပါပဲ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ရော အရပ်ဘက်အဖွဲ့အစည်းတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ရော အကြမ်းဖက်စစ်တပ်ပြုတ်ကျရေးအတွက် အစွမ်းကုန်အရှိန်အဟုန်မြှင့် တိုက်တွန်းကြပါလို့ ကျွန်မအနေနဲ့ ဒီကနေ တိုက်တွန်းချင်ပါတယ်”လို့ ဆိုပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှုအတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုနဲ့ တော်လှန်ရေးအဖွဲ့တွေကို ထောက်ခံရေး သားမှုကြောင့် ဖမ်းဆီးခံရသူ ၁၇၀၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ အရေးယူထားတဲ့ ပုဒ်မတွေထဲမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ က ၊ ရာဇသတ် ကြီးပုဒ်မ ၁၂၄ – က နဲ့ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ က အပြင် တည်ဆဲဥပဒေတွေလည်း ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.