မြိတ်၊ အောက်တိုဘာ ၃၁
တနင်္သာရီတိုင်း မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံ ပြည်သူတွေကို လူသားဒိုင်ကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မဇောကျေးရွာအုပ်စုထဲက တုံးဗျောရွာဟောင်းနဲ့ ဘန်းမဲကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက် လာခဲ့တာပါ။
စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၂၈ ရက်နေ့မှာတော့ မဇာကျေးရွာအုပ်စုက လမ်းသွားလမ်းလာ အရပ်သားပြည်သူ ခုနှစ်ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခဲ့ပြီး လမ်းပြခိုင်းတာတွေ လုပ် ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသခံတွေဟာ ဥယျာဉ်ခြံတွေမှာ အလုပ်လုပ်နေတဲ့ ဒေသခံအမျိုးသမီးတွေပါဝင်ပြီး အောက်တိုဘာ၂၉ ရက် ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသတော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
အဲဒီနောက် မဇောကျေးရွာအုပ်စုထဲကို ဝင်ရောက်လာတဲ့ နောက်ထပ် စစ်ကြောင်းတစ်ကြောင်းဟာ ဥယျာဉ်ခြံ မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးသုံးဦးနဲ့ အမျိုးသားနှစ်ဦးကို လူးသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသခံတွေဟာ ခုံမော်ကျေးရွာက ဥယျာဉ်ခြံလုပ်သားတွေဖြစ်ပြီး သူတို့ကိုတော့ လက်ရှိအချိန်ထိ ပြန်လွှတ်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဟာ မဇောကျေးရွာအုပ်စုထဲကို စစ်ကြောင်း နှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုး ဝင်ရောက်နေတာဖြစ်သလို လက်ရှိအချိန်ထိ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် မဇောကျေးရွာအုပ်စုက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းဟာ တုံးဗျောကြီးရွာအောက်ဘက်နဲ့ သကန်ရွာဟောင်းကျေးရွာက လင်းမဲ့ဘုရာတောင်မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ကလည်း မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သေးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media