ဖာပွန်၊ နိုဝင်ဘာ ၁
ကရင်ပြည်နယ် ဖာပွန်အခြေစိုက် စစ်ကောင်စီရဲ့ ခေါပုတ်စခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ကျေးရွာတွေထဲ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတယ်လို့ KNU တပ်မ ဟာ ၅ ပြောခွင့်ရနဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN အဖွဲ့ဆီကနေ သိရပါတယ်။
ခြောက်လကျော်ကြာ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီရဲ့ သက်တမ်းရှည် အင်အားကြီးတပ်စခန်းတစ်ခုဖြစ်တဲ့ ခေါပုတ်စခန်းကို အောက်တိုဘာ ၂၉ ရက်နေ့မှာ KNLA တပ်မဟာ ၅ တော် လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
ခေါပုတ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းကိုစွန့်ခွာ ထွက်ပြေးသွားတဲ့အတွက် လက်နက်ခဲယမ်းအများအပြားကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က သိမ်းဆည်းရရှိခဲ့ပါတယ်။
စခန်းသိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၃၀ ရက်နေ့မှာ KNU ဖာပွန်ခရိုင် ထီးဂေါ် ထာအုပ်စုထဲကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဉ်တစ်စီးနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။
ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် နေအိမ် လေးလုံးနဲ့ စာသင်ကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN က အောက်တိုဘာ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုကလည်း အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ခေါပုတ်တပ်စခန်းဟာ ဖာပွန်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာ တည်ရှိပြီး ဖာပွန်မြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကတည်း က KNLA တပ်မဟာ ၅ က သိမ်းပိုက်ရရှိထားကာ မြို့တောင်ဘက်ခြမ်းရှိ စစ်ဗျူဟာကို ဒီကနေ့အချိန်အထိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဆက်လက်ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။
ခေါပုတ်စခန်းဟာ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတွေကနေ စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စုစည်းထားတဲ့ စခန်းတစ်ခုဖြစ်ပြီး အင်အား ၁၂၀ ကျော် ရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
KNU ဖာပွန်ခရိုင်ထဲမှာ အခုလအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သား သုံးဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KPSN ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KPSN