နယူးယောက်၊ အောက်တိုဘာ ၃၀
နေပြည်တော်သို့ သွားရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က အောက်တိုဘာ ၂၉ ရက်မှာ ပြုလုပ်တဲ့ ကုလ အစည်းအဝေး တစ်ရပ်မှာ ပြောကြားခဲ့ပါတယ်။
မြန်မာ့ပဋိပက္ခအတွင်း ပါဝင်နေကြသူတွေအနေနဲ့ အရင်က ထားရှိခဲ့တဲ့ တစ်ဘက်ဘက် လုံးဝ ရှုံးမှဖြစ်မယ်ဆိုတဲ့ အတွေးကို အတိတ်မှာ ချန်ထားရစ်ပြီး ဆိုးရွားလှတဲ့ ပြည်တွင်းစစ်အတွက် အဖြေရှာရေး လုပ်ဆောင်သင့်တယ်လို့ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က ပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ် အာဏာသိမ်းပြီး ရွေးကောက်ခံ အစိုးရအဖွဲ့ဝင်တွေ တော်တော်များများကို ဖမ်းဆီးလိုက်ပြီးနောက် မြန်မာနိုင်ငံမှာ ပြဿနာ ကြုံနေပါတယ်။
ပြန်လည် ရင်ကြားစေ့ရေး၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ တာဝန်ခံမှု ရှိစေရေးနဲ့ ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့တွေ ဝင်ရောက်ခွင့်အတွက် ဘယ်လမ်းကြောင်းမဆို လိုအပ်နေတယ်လို့ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စစ် ဘစ်ရှော့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၃ ဒသမ ၁ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
“ကျွန်မ နေပြည်တော်ကို သွားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ခဲ့ပါတယ်။ ကျွန်မ ပြန်သွားဦးမှာပါ” လို့ အထူးကိုယ်စားလှယ် ဘစ်ရှော့က အရင်က ဖော်ပြမထားတဲ့ သူ့ရဲ့ နေပြည်တော် ခရီးစဉ်နဲ့ ပတ်သက်လို့ ပြောကြားပြီး အသေးစိတ် ဆွေးနွေးမှုကို ထုတ်ပြောထားတာ မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ၊ NUG အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ တခြား သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ မစ္စစ် ဘစ်ရှော့က ပြောပါတယ်။
ဒါပေမဲ့ သူသွားရောက်တွေ့ဆုံခဲ့တဲ့ အချိန်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
မြန်မာ့ပြဿနာအတွက် အများ သဘောတူတဲ့ အဖြေ တစ်ခု ထွက်ပေါ်လာရေး ဒေသဆိုင်ရာနဲ့ နိုင်ငံတကာက ပိုမိုကြိုးစားပေးဖို့ တိုက်တွန်းကြောင်းလည်း သူက ပြောကြားထားပါတယ်။
နိုင်ငံတဝန်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းပေးရေး ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ တစ်ဘက်နဲ့ တစ်ဘက် လုံးဝ အနိုင်တိုက်ရမယ်ဆိုတဲ့ အတိတ်က အတွေးမျိုး မတွေးဖို့ လိုအပ်တယ်လို့လည်း သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
Ref:Reuters