ဝါရှင်တန်၊ အောက်တိုဘာ ၂၉

တပ်ဖွဲ့ဝင်တွေ အရှိန်မြှင့် ချထားမှုကြောင့် လုံခြုံရေးအန္တရာယ် သိသိသာသာ ပိုများလာတယ်လို့ တောင်ကိုရီးယားက သတိပေးထားချိန်မှာ မြောက်ကိုရီးယားက ရုရှားမှာ လေ့ကျင့်ဖို့ တပ်ဖွဲ့ဝင် ၁၀၀၀၀ စေလွှတ်ထားပြီး မကြာခင် ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့ စေလွှတ်နိုင်တယ်လို့ အမေရိကန်က ပြောပါတယ်။

နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားက ယူကရိန်းကို တိုက်ခိုက်ဖို့ ရုရှားကို ကူညီတဲ့အနေနဲ့ လက်နက်တွေ ပေးပို့နေတယ်လို့ ဆိုးလ်အစိုးရက စွပ်စွဲထားတာကြာပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ကြား ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ပြီးနောက် မြောက်ကိုရီးယားက ရုရှားသို့ တပ်ဖွဲ့ဝင်တွေ အလုံးအရင်းနဲ့ ချထားတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားက တပ်ဖွဲ့ဝင်တွေ ချထားတာ မရှိဘူးလို့ ငြင်းဆိုထားပြီး နိုင်ငံခြားရေးဝန်ကြီးက အဲဒီလို တပ်ဖွဲ့ ဝင်တွေ ချထားမယ်ဆိုရင် နိုင်ငံတကာဥပဒေနဲ့အညီ လုပ်ဆောင်မှာ ဖြစ်တယ်လို့ မကြာသေးခင်က ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားက ရုရှားသို့ စေလွှတ်နေတဲ့ တပ်ဖွဲ့ဝင် အရေအတွက်ဟာ မကြာခင် ၁၂၀၀၀ အထိ ရှိလာတော့မယ်လို့ သမ္မတ ဇီလန်စကီးက သတိပေးထားပြီး မြောက်ကိုရီးယား တပ်သားတွေ ချထားမှုဟာ အရမ်း အန္တရာယ်ကြီးတဲ့ လုပ်ရပ် ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ပြောထားပါတယ်။

မြောက်ကိုရီးယားက ရုရှား အရှေ့ပိုင်းသို့ တပ်ဖွဲ့ဝင် ၁၀၀၀၀ စေလွှတ်ထားပြီး လာမယ့် သီတင်းပတ်တွေမှာ ယူကရိန်းသို့ ပို့ဆောင်နိုင်ခြေ ရှိနေတယ်လို့ ပင်တဂွန် လက်ထောက် ပြန်ကြားရေးမှူး ဆာဘရီနာ ဆင်းချ်က သတင်းထောက်တွေကို ပြောကြားပါတယ်။

နေတိုး အတွင်းရေးမှူးချုပ် မက် ရူတီကလည်း မြောက်ကိုရီးယား စစ်သားတွေ ချထားတာဟာ စစ်ပွဲကို ပိုကြီးမားလာအောင် လုပ်ဆောင်မှု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ယူကရိန်း စစ်ပွဲ စတင်ပြီးနောက်ပိုင်း ရုရှားစစ်သား ခြောက်သိန်း အထိ ဆုံးရှုံးခဲ့ရပြီး ဖြစ်တဲ့အတွက် နိုင်ငံခြားစစ်သားတွေရဲ့ အကူအညီ မပါဘဲ စစ်ပွဲ ဆက်တိုက်ဖို့ သမ္မတ ပူတင်အတွက် မဖြစ်နိုင်တော့ဘူးလို့လည်း အတွင်းရေးမှူးချုပ် ရူတီက ပြောပါတယ်။

ပြုံးယမ်းနဲ့ မော်စကိုတို့ကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုများလာတာဟာ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် သိသာတဲ့ လုံခြုံရေး အန္တရာယ် ဖြစ်စေတယ်လို့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုလ်က ပြောကြားခဲ့ပါတယ်။

မော်စကို၊ ပြုံးယမ်း နှစ်ဖက်လုံးရဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်အနေနဲ့ သူတို့ရဲ့ အိမ်နီးချင်းတွေရဲ့ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုနဲ့ ပတ်သက်လို့ အမေရိကန်လိုပဲ စိုးရိမ်သင့်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူး မစ်လာက သတင်းထောက်တွေကို ပြောကြားထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.