နယူးယောက် အောက်တိုဘာ ၁၆

အရှိန်ဆက်လက် မြင့်တက်လာနေတဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခထဲ ယီမင်နိုင်ငံ နောက်ထပ် ဆွဲသွင်းခံရနိုင်ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာနိုင်တယ်လို့ အာရပ်ကမ္ဘာရဲ့ အဆင်းရဲဆုံး ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အောက်တိုဘာ ၁၅ ရက်မှာ သတိပေး ပြောကြားလိုက်ပါတယ်။

စိတ်မကောင်းစရာက ယီမင်နိုင်ငံဟာ အရှိန်မြင့်တက်လာမှုရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်နေတယ်လို့ အထူးကိုယ်စားလှယ် ဟန်းစ် ဂျီရွန်ဘာ့ဂ်က လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့ပြီး ယီမင် လက်နက်ကိုင် ဟူသီအဖွဲ့က နိုင်ငံတကာ သင်္ဘောလမ်းကြောင်းကို အကြိမ်ကြိမ် တိုက်ခိုက်နေတာကြောင့် ပင်လယ်နီမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ကြီး တစ်ခု ကျရောက်လာနိုင်တဲ့ အန္တရာယ် သိသိသာသာ မြင့်မားနေတယ်လို့ သတိပေး ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

အီရန် ထောက်ပံ့ထားတဲ့ ဟူသီအဖွဲ့ အနေနဲ့ နိုင်ငံတကာ သင်္ဘော လမ်းကြောင်းကို တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ ကုလ အထူးကိုယ်စားလှယ် ဂျီရွန်ဘာ့ဂ်နဲ့ လူသားချင်းစာနာရေး အကြီးအကဲ ဂျွိုင်စီ အမ်ဆူယာတို့ နှစ်ဦးလုံးက တိုက်တွန်းထားပါတယ်။

အီရန် ထောက်ပံ့ထားတဲ့ ဂါဇာရှိ ဟားမာ့စ်အဖွဲ့က အစ္စရေးသို့ ဝင်ရောက် တိုက်ခိုက်မှုကြောင့် ဂါဇာ စစ်ပွဲ စတင်ပြီးနောက်ပိုင်း ဟူသီအဖွဲ့က ဟားမာ့စ်ကို ထောက်ခံတဲ့အနေနဲ့ ပင်လယ်နီကို ဖြတ်သန်းတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကတည်းက ဟူသီအဖွဲ့ ဖမ်းဆီးထားတဲ့ ကုလဝန်ထမ်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ဝန်ထမ်းတွေနဲ့ အရပ်ဖက် အဖွဲ့အစည်း အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ ကုလ အရာရှိတွေက တောင်းဆိုထားပါတယ်။

ဟိုသီအဖွဲ့က အမေရိကန်-အစ္စရေး သူလျှိုတွေလို့ စွပ်စွဲပြီး အဲဒီ အလုပ်သမားတွေကို ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ဟိုသီအဖွဲ့က ၂၀၁၄ ခုနှစ်အတွင်း မြို့တော် ဆာနားနဲ့ ယီမင်နိုင်ငံ မြောက်ပိုင်းကို ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း ဆော်ဒီ ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့ ထောက်ခံတဲ့ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရနဲ့ ဟူသီအဖွဲ့တို့ကြား ပြည်တွင်းစစ် ဖြစ်ပွားနေပါတယ်။

ယီမင်နိုင်ငံသားတွေဟာ ငြိမ်းချမ်းရေး လိုလားနေကြဆဲ ဖြစ်ပေမယ့် အရှေ့အလယ်ပိုင်း စစ်ပွဲအရှိန်မြင့်တက်လာတာကြောင့် ပဋိပက္ခ အဆုံး သတ်ရေး ကြိုးပမ်းမှုတွေ အခြေအနေ တိုးတက်လာနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေ အလှမ်းဝေးနေကြောင်း အထူးကိုယ်စားလှယ် ဂျီရွန်ဘာ့ဂ်က လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို ပြောကြားခဲ့ပါတယ်။

ဟူသီအဖွဲ့က ပင်လယ်နီမှာ ကုန်တင်သင်္ဘော အစီး ၈၀ ကျော်ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့က ယီမင်ရှိ ဟူသီအဖွဲ့ရဲ့ ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

ယီမင်မှာ အထူးသဖြင့် ဟူသီအဖွဲ့ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စားနပ်ရိက္ခာ မလုံလောက် ဖြစ်နေပြီး ကုလက တောင်းခံထားတဲ့ ရန်ပုံငွေဟာလည်း ၄၁ ရာခိုင်နှုန်းပဲ ရရှိသေးတာကြောင့် နောက်ထပ် ရန်ပုံငွေ မရဘူးဆိုရင် အခုနှစ် နောက်ဆုံး သုံးလအတွင်း ယီမင် ပြည်သူတွေ အငတ်ဘေးနဲ့ ကြုံနိုင်တယ်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်း စစ်ပွဲမှာ တခြားနိုင်ငံတွေလည်း ပါဝင်လာပြီး စစ်ပွဲ ပိုမိုကြီးထွားလာရင် အရင်ဆုံးအနေနဲ့ အမျိုးသမီးတွေ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေ အသက်ဆုံးရှုံးရမှာ ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး များစွာ ထိခိုက်နိုင်တယ်လို့လည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.