သီပေါ၊ အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၃ ဦး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က အောက်တိုဘာ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို TNLA က ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ နှစ်လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့မှာ ခမရ ၅၀၃၊ ခမရ ၅၀၄နဲ့ ခလရ ၂၃ တပ်စခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးတွေကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာပါ။

သီပေါမြို့ ရှိ တပ်စခန်းတွေကို TNLA ပူးပေါင်းတပ်ဖွဲ့တွေမှ တိုက်ခိုက်နေချိန်အတွင်း စစ်ကောင်စီဘက်က အရပ်ဖက်ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်မှုကြောင့် သီပေါမြို့ ဒေသခံ ၃၃ ဦး သေဆုံးခဲ့ပြီး ၈၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် စာသင်ကျောင်းနဲ့ လူနေအိမ် ၄၉ လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၂၇၃ ကြိမ်နဲ့ လက်နက်ကြီး၊ ဟောင်ဝစ်ဇာအပြင် ရော့ကတ်ဒုံးကျည်တွေနဲ့ အကြိမ်နှစ်ထောင်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီထံမှ ဟောင်ဝစ်ဇာလက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ ၁၅၅ လက်၊ ၆၀ မမ ၇ လက်၊ စက်လက် ၉ လက်၊ RPG ၂ လက်၊ မိုင်း၊ ခဲယမ်းအများအပြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေနဲ့ အတင်းအဓမ္မ စစ်မှုထမ်းတာဝန် ထမ်းဆောင်နေရတဲ့ ရဲမေ ၇၈ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး တပ်မိသားစုဝင်တွေနဲ့အတူ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

တစ်ကျော့ပြန်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ တအာင်းတပ်မတော် PSLF/TNLA မှ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နဲ့ ကျောက်မဲအပြင် ငါးမြို့မြောက်အဖြစ် သီပေါမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA