ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၁၅

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အနန်းကွင်းဗျူဟာစခန်းသိမ်းတိုက်ပွဲဟာ အောက်တိုဘာ ဒုတိယအပတ်အတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး လက် နက်ခဲယမ်းနဲ့ ရိက္ခာပစ္စည်းတချို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

KNU ဝင်းရေးမြို့နယ် တပ်မဟာ ၆ နယ်မြေ ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းနဲ့ လွတ်ရှမ်းစခန်းတို့ကို ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယအပတ်လောက်ကနေစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးအင်အားစု မဟာမိတ်ပူးပေါင်းအဖွဲ့တို့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လွတ်ရှမ်းတပ်စခန်းကို စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြားကနေ ပြီးခဲ့တဲ့ စက် တင်ဘာလ ၁၂ ရက်နေ့မှာ KNLA တော်လှန်ရေးအင်အားစုအဖွဲ့တို့က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ အနန်းကွင်းဗျူဟာကို ပူးပေါင်းအဖွဲ့တို့က ဆက်လက်တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။

ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ အနန်းကွင်းဗျူဟာမကျရေးအတွက် စစ်ကောင်စီတပ်ကလည်း လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေပြီး ရိက္ခာပစ္စည်းထုတ်တွေကိုလည်း လေကြောင်းကနေ ချပေးခဲ့ရာမှာ အဲဒီရိက္ခာပစ္စည်းထုတ်တွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဒါ့အပြင် မြေပြင်လမ်းကြောင်းဖြစ်တဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ကနေတစ်ဆင့် စစ်ကောင်စီတပ်က အနန်းကွင်းဗျူဟာဘက်ကို စစ်ကူပေးပို့ခဲ့ရာမှာ တော်လှန်ရေးအင်အားစုအဖွဲ့က တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရတာတွေ ရှိခဲ့တာပါ။

လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ အနန်းကွင်းဗျူဟာစခန်း တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အတွက် အပင်ပန်းခံကြိုးစားပြီး စခန်းကိုရအောင်တိုက်သွားမှာဖြစ်သလို မကြာခင်မှာ သတင်းကောင်းကြားရဖို့ ရှိနေတယ်လို့လည်း မြေပြင်တိုက်ပွဲမှာပါဝင်နေတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF က ရဲဘော်တစ်ဦးက အသိပေးပါတယ်။

စစ်ကောင်စီတပ်ကတော့ စစ်ရေးပြင်းထန်နေတဲ့ အနန်းကွင်းဒေသကိုသာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ KNU ဝင်းရေးမြို့နယ်ထဲက တောင်ဒီး၊ ဖားပြ၊ ကျုံခဝန်နဲ့ ကြာအင်းဆိပ်ကြီးမြို့အနီးရှိ ကြ ခတ်ချောင်းကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြု လုပ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

အနန်းကွင်းဒေသအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတာတွေကြောင့် အနန်းကွင်း၊ တညင်၊ လွတ်ရှမ်း စတဲ့ ကျေးရွာ ၃ ရွာထက်မနည်းက ဒေသခံပြည်သူတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SOF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.