ကျိုက်ထို၊ အောက်တိုဘာ ၁၄

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သုံးခွကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စစ်ဆေးရေးဂိတ်ထံ လမ်းမှားဝင်သွားတဲ့ စစ်ဗိုလ်လင်မယား နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ သိမ်ဇရပ်မြို့ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်က စစ်ဗိုလ်လင်မယား နှစ်ဦးဟာ PDF ဂိတ်ကို ရောက်လာတဲ့အတွက် ဖမ်းဆီးခံလိုက်ရတာပါ။

“PDF ဂိတ်ကို စစ်တပ်ဂိတ်ထင်ပြီး အမတ ၃၁၀ ကို ဘယ်လမ်းကနေ သွားရလဲဆိုပြီး လာမေးတော့ ဂိတ်ကတစ်ခါတည်း စစ်ဆေးပြီး ဖမ်းဆီးလိုက်တာ။ လမ်းမကျွမ်းလို့နေမယ်” လို့ PDF အဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံရလိုက်ရသူတွေဟာ အမှတ် ၃၁၀ အမြောက်တပ်က ဗိုလ်ဟိန်းဇေယျာဦးနဲ့ ဇနီးဖြစ်သူတို့ ဖြစ်ပြီး အမြောက်တပ်ထံ ပြောင်းလာတာ မကြာသေးဘူးလို့ သိရပါတယ်။

စစ်ဗိုလ်လင်မယားနှစ်ဦးဟာ ဖမ်းဆီးစဉ် အူဇီသေနတ် တစ်လက်၊ ကျည်ဘောက်နှစ်ခု ကားတစ်စီး သိမ်းဆည်းရမိခဲ့ပါတယ်။

ဖမ်းဆီးခံ စစ်ဗိုလ်လင်မယား နှစ်ဦးကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်ထံ လွှဲပြောင်းပေးအပ်သွားမယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.