လောင်းလုံး၊ အောက်တိုဘာလ ၁၃

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ညှင်းမော် ကျေးရွာအုပ်စုကို အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ခဲ့လို့ ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

အဲဒီနေ့ မနက် ၈ နာရီခန့်မှာ စစ်ကောင်စီအင်အား ၁ဝဝ ကျော်ခန့်ဟာ လောင်းလုံးမြို့ဘက်ကနေ ညှင်းမော်ရွာထဲကို ဝင်ရောက်လာတာကြောင့် ညှင်းမော်နဲ့ ညှင်းပုတ်ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။

သက်ကြီးရွယ်အိုတွေနဲ့ကျန်းမာရေး မကောင်းသူလောက်ကလွဲရင် ကလေးလူကြီးစတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ ကျေးရွာတွေနဲ့ဥယျာဉ်ခြံတွေ၊ လောင်းလုံးမြို့ပေါ် အထိ ထွက်ပြေးရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေက ညှင်းမော်ကျေးရွာထဲကို ဝင်လာရတဲ့အကြောင်းအရင်းက ကျေးရွာအနီးရှိ လာဗူးတောင်ပေါ်ကို ရိက္ခာပို့လာတာဖြစ်နိုင်သလို သန်းခေါင်စာရင်းကောက်ဖို့ လုံခြုံရေးလာယူတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

စစ်ကောင်စီ စစ်ကြောင်းက ကျေးရွာထဲ ရောက်လာပေမယ့် ဒေသတော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာမျိုးတော့ လတ်တလော မဖြစ်သေးဘူးလို့ သိရပါတယ်။

ညှင်းမော်နဲ့ ညှင်းပုတ်ကျေးရွာတွေဟာ အိမ်ခြေ ၇၀၀ အထက်ရှိတဲ့ ရွာတွေဖြစ်လို့ အဲဒီကနေ ထွက် ပြေးနေရသူတွေ ထောင်ချီရှိတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၆ ရက်နေ့က လောင်းလုံးမြို့ နယ် ရေဖြူကျေးရွာအုပ်စုအတွင်းမှာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းမှာ ပါဝင်နေတဲ့ Non-CDM ဝန်ထမ်း ၉ ဦးကို ဒေသကာကွယ်ရေးအဖွဲ့ဘက်က ဖမ်းဆီးခဲ့ပါသေးတယ်။

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းက မကြာခဏဝင်ရောက်တာတွေရှိခဲ့ပြီး နေအိမ်တွေမီးရှို့တာ၊ ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.