ရေး၊ အောက်တိုဘာလ ၁၃

ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း လျှောရောဂါဖြစ်သူတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်လောက်ကစပြီး ပင်လယ်ပြင်မှာငါးဖမ်းနေသူတွေကနေ တစ်ယောက် နှစ်ယောက်ကစလို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာရာကနေ အောက်တိုဘာ ၁၁ ရက်နေ့ထိ ရောဂါဖြစ်ပွားသူ ၄၀ ကျော်ထိဖြစ်လာပြီလို့ ဆိုပါတယ်။

လုံးဝပျောက်သွားတာမျိုးမဟုတ်ဘဲ ဆက်လက်ဖြစ်ပွားနေပြီး ရောဂါဖြစ်ပွားသူတွေထဲမှာ ပင်လယ်ပြင် ရေလုပ်သား အများအပြားပါဝင်ကြောင်း၊ ရွာသူရွာသားတွေမှာတော့ ရောဂါဖြစ်ပွားမှုမရှိတဲ့အကြောင်း ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူတွေက ရေးမြို့ပေါ်အထိ တက်ပြီး ဆေးဝါးကုသရတာတွေရှိနေပြီး ဆေးကုသမှုခံယူပြီးမှ ပြန်လည်ပျောက်ကင်းကြတာလို့ဆိုပါတယ်။

ပင်လယ်ပြင်မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုတွေကြောင့် ဒေသကျန်းမာရေးအဖွဲ့တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ပင်လယ်ပြင်အထိဆင်းပြီး အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတာတွေ ရှိနေပါတယ်။

ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်းလုပ်နေကြတဲ့ ရေလုပ်သားတွေဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်လာပြီးနောက် ရောဂါပြင်းထန်လာသူတွေက အစင်ကျေးရွာကနေတစ်ဆင့် ပြန်ဝင်ရောက်လာပြီး ဆေးကုသနေရတာတွေ ရှိနေပါတယ်။

ရေလုပ်သားတွေက ပင်လယ်မှာနေထိုင်စဉ်အတွင်း ပင်လယ်ရေနဲ့ဆေးကြောလျှော်ဖွတ်တာ၊ အိမ် သာတက်တာက အစအသုံးပြုတာ၊ ပင်လယ်ကရတဲ့ ငါးခရုတွေကို စားသောက်နေရတာကြောင့် အခန့်မသင့်ဖြစ်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ကူးစက်ဖြစ်ပွားတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးအပတ်အတွင်းမှာ အစင်ကျေးရွာကနေပြန်ဝင်လာတဲ့ ရေလုပ်သားတွေထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူ ၁ ဦးရှိခဲ့ပါတယ်။

ရောဂါဖြစ်ပွားနေသူတွေကိုတော့ ဒေသခံတွေက ရေးမြို့နယ် ပြည်သူ့ဆေးရုံမှာတင်ပို့ထားရပြီး သီးခြားခွဲထားကာ စောင့်ကြည့်ဆေးကုသနေကြရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းမှာလည်း သံဖြုဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ ပင်လယ်ပြင်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ရေလုပ်သား ၆ ဦး သေဆုံးခဲ့ပြီး လူ ၁၅၀ ခန့် ရောဂါဖြစ်ပွားခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.