မော်လမြိုင် ၊ အောက်တိုဘာ ၁၃

မွန်ပြည်နယ်အတွင်း ပွင့်လင်းရာသီမှာ ပြည်တွင်း၊ ပြည်ပခရီးသွားတွေနဲ့ စည်ကားအောင် လုပ် ဆောင်သွားမယ်လို့ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းရဲ့ ပြောဆိုချက်ဟာလက်တွေ့ မကျဘူးလို့ ခရီးသွားဧည့်လမ်းညွှန်တွေက ပြောပါတယ်။

ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက လာမယ့်ရက်ပိုင်းကာလဟာ ပိတ်ရက်ရှည်ဖြစ်တာကြောင့် ပြည်နယ်အတွင်းမှာ ဘုရားပွဲတော်တွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်တဲ့အတွက် ပြည် တွင်း၊ ပြည်ပခရီးသွားတွေ ဝင်ရောက်လာမှာ ဖြစ်တယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့က ပြည်နယ်အစိုးရရုံးမှာပြုလုပ်တဲ့ မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် မွန်ပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပမှ ခရီးသွားတွေလာရောက်ခြင်းဖြင့် ဒေသတွင်း ငွေကြေးလည်ပတ်မှု ပိုမိုဖြစ်ပေါ် စေနိုင်မှာဖြစ်ပြီး လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တာကြောင့် တည်းခိုတဲ့နေရာ၊ ဒေသထွက် အစားအသောက်တွေကို အဆင့်မီစွာနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ခရီးသွားဧည့်လမ်းညွှန်တစ်ဦးကတော့ လက်ရှိခရီးသွားလာရာမှာ လမ်းကြောင်းမငြိမ်းချမ်းတာ၊ စစ်ဆေးမှု အတားအဆီးများတာ၊ လုံခြုံမှုမရှိတာနဲ့ ဂိတ်တွေများပြားပြီး ငွေကြေးတောင်းခံမှုများတာကြောင့် ခရီးသွားထင်သလောက် ဝင်လာဖို့မရှိဘူးလို့ ပြောပါတယ်။

“ပြည်တွင်းခရီးစဉ်တွေ သွားပို့ရတာတောင် သူတို့မှာအခက်အခဲနဲ့ သွားပို့နေရတယ်။ လမ်းကြောင်း မငြိမ်းချမ်းဘူး။ အစစ်အဆေးတွေ အတားအဆီးတွေနဲ့ မသင်္ကာပုံစံတွေပေါ့နော်။ လမ်းမှာလည်း ဂိတ်တွေကတပုံကြီး။ နောက်လုံခြုံရေးက မသေချာဘူး။ လမ်းကြောင်းမှာကားသမားက ပေးရတာနည်းတဲ့ပိုက်ဆံမဟုတ်ဘူး။ အဆင့်ဆင့်နဲ့ဆိုတော့ ကျွန်တော်တို့တော့ သိပ်မထင်ဘူး။ ဒါကလည်း အောက်ခြေမှာရှိတဲ့ သူတွေရဲ့ ခံစားချက်ပေါ့နော်။ သူတို့ သိချင်မှသိမယ်။ တကယ်သွားလာနေတဲ့သူ အားလုံးက ကျွန်တော်မှမဟုတ်ပါဘူး။ ကျန်တဲ့ဂိုက်တွေကိုလည်း မေးကြည့်လို့ရတယ်။ ဒါပေမယ့် ဘယ်လိုပဲပြောနေပါစေ ကုမ္ပဏီတောင်မှ ရပ်သွားတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိခရီးသွားလာရာမှာ စစ်ကောင်စီရဲ့ ညမထွက်ရ အမိန့်တွေကြောင့် ခရီးတွင်ကျယ်မှု မရှိသလို တစ်နေရာနဲ့ တစ်နေရာ ညအိပ်ခရီးသွားလာပါကလည်း ဧည့်စာရင်းတိုင်ကြားရတဲ့ အခက် အခဲတွေကြောင့် ခရီးသွားသိသိသာသာ ဝင်ရောက်လာဖို့ မဖြစ်နိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ခံ ကိုအေးမင်းထွန်းက ပြည်တွင်း၊ ပြည်ပခ ရီးသွားတွေနဲ့ စည်ကားအောင် လုပ်ဆောင်မယ်ဆိုတာ ပြည်သူတွေကို မက်လုံးပေးတာသာဖြစ်ပြီး စည်ကားအောင် လုပ်ဆောင်နိုင်မှာ မဟုတ်သလို ပျော်ပွဲရွှင်ပွဲတွေလုပ်ပြီး လူစည်ကားချိန် မိုင်းထောင်ဖောက်ခွဲတာတွေလုပ်ကာ တော်လှန်ရေးအဖွဲ့တွေကို အမြင်မှားအောင် လုပ်ဆောင်လာနိုင်တယ်လို့ ပြောပါတယ်။

“သူ့အနေနဲ့ ဒါစည်ကားအောင်လုပ်မယ်ဆိုတာ ပြည်သူတွေကို ဒါမက်လုံးပေးတာပဲလေ။ လက်ရှိမှာ ကျွန်တော်တို့ သိသလောက်တော့ စည်တော့စည်ကားနေတာပဲ။ နေရာတိုင်းမှာ လောင်းကစားဝိုင်းတွေ စည်ကားနေတာပဲ မြင်တွေ့ရတာပေါ့။ တကယ့်တကယ်ကျတော့လည်း ပြည်သူလူထုအတွက် စည်ကားအောင်လည်း ဘာမှ မလုပ်နိုင်သေးပါဘူး။ ပြည်သူတွေရဲ့ အခက်အခဲကို ဘာတစ်ခုမှ ကူညီနိုင်တာ မတွေ့သေးပါဘူး။ အဓိကကဗျာ ပျော်ပွဲရွှင်ပွဲတွေ သူတို့လုပ်မယ်။ လုပ်ပြီးလို့ရှိရင် လူတွေအများကြီး ဖြစ်လာမှာပေါ့။ ဖြစ်လာရင် အဲဒီအချိန်မှာ သူတို့ မိုင်းထောင် ဖောက်ခွဲတာမျိုးတွေ လုပ်လိမ့်မယ်။ လုပ်တတ်တယ်ပေါ့နော်။ အဲဒါတွေပြီးလို့ရှိရင် တော်လှန်ရေး အဖွဲ့တွေရဲ့ လုပ်ဆောင်တဲ့ ပုံစံမျိုးနဲ့ မှားယွင်းတဲ့အမြင်တွေ ဖြစ်အောင် ဖန်တီးလာမှာပဲ” လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီက တမင်စည်ကားအောင် ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ သတိထား သွားလာကြဖို့ လိုသလို အတတ်နိုင်ဆုံး စစ်ကောင်စီရဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ရှားကြဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

တဖက်မှာ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကတော့ ပွင့်လင်းရာသီအစဖြစ်တဲ့ သီ တင်းကျွတ်ကာလမှာ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ရှိ ကျိုက္ခမီရေလယ်ဘုရားနဲ့ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီမှာ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားအောင် ပြုလုပ်သွားမယ်လို့ ဆိုထားပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီက ပြည်တွင်း၊ ပြည်ပခရီးသွားတွေနဲ့ စည်ကားအောင် လုပ် ဆောင်မယ်လို့ ပြောဆိုနေပေမယ့် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့ နယ်တွေမှာတော့ မကြာခဏဆိုသလို နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.