နေပြည်တော် ၊ အောက်တိုဘာ ၁၃

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေအပါအဝင် ဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး အစိုးရရဲ့အပြုသဘောဆောင် ပူးပေါင်းမှုတွေကို အသိအမှတ်ပြုဖော်ပြသင့်တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မကြာသေးမီက ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ၅၇ ကြိမ်မြောက် အစည်းအဝေးကာလအ တွင်း မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်တဲ့ IIMM နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီး ရဲ့အစီရင်ခံစာတွေအပေါ် အပြန်အလှန်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ မပါဝင်ဘဲ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီက ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို အ‌ကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံမှာ လူဦး‌ရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခုအောက်တိုဘာ ၁ ရက်နေ့က စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူနေပြီး ရွေးကောက်ပွဲကျင်းပဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်လို့ ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂနဲ့ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်နေပြီး အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုချိန်တန်ပြီလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေအပေါ် နိုင်ငံတကာခုံရုံးက ဆုံးဖြတ်ချက်ချပြီး လက်တွေ့အကောင်အထည်မဖော်နိုင်သေးတဲ့အတွက် အပြုသဘောဆောင်တဲ့ လှုပ်ရှားမှုတွေလုပ်နေတာက ကမ္ဘာကြီးကို လိမ်ညာတာလို့ သုံးသပ်ပါတယ်။

”နိုင်ငံတကာခုံရုံး ICJ ကလည်း (စစ်ကောင်စီရဲ့) ကျူးလွန်မှုတွေကို အသိအမှတ်ပြုနေပါတယ်။ စစ်‌ ကောင်စီအပေါ်မှာလည်း ဆုံးဖြတ်ချက်တွေ ချနေပါတယ်။ ဒါပေမယ့် လက်တွေ့အကောင်အထည် ဖော်နိုင်တဲ့ အင်အားမရှိသေးတဲ့အတွက် စစ်ကောင်စီအရေးမယူခံရတဲ့ အနေအထားကို ရောက်နေတာပါ။ အဲဒီတော့ စစ်ကောင်စီဘက်က ပုဂ္ဂိုလ်တွေက အကြမ်းဖက်မှုတွေ မလုပ်ဘူး။ အပြုသ ဘောဆောင်တဲ့ လှုပ်ရှားမှုတွေလုပ်နေတာက ကမ္ဘာကြီးကို လိမ်ညာတာပဲလို့ ကျွန်တော်တော့ ယူဆပါတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးကာလအတွင်း ဆွေးနွေးခဲ့တဲ့ မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား IIMM ရဲ့အစီရင်ခံစာဟာ ခိုင်မာမှုမရှိတဲ့ အရင်းအမြစ်တွေအပေါ် အခြေခံကောက်ချက်ချထားတယ်လို့ တုံ့ပြန်ထားတာပါ။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာကလည်း မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်တွေကို စိစစ်အတည်ပြုခြင်း မရှိတဲ့အပြင် အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို ချန်လှပ်ထားတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

ဒါကြောင့် အပ်ကြောင်းထပ်နေတဲ့ ပုံစံတူယန္တရားတွေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့် အတား ဖြစ်စေတာထက် ရင်ဆိုင်နေရသော စိန်ခေါ်မှုတွေကိုဖြေရှင်းဖို့ အဲဒီယန္တရားတွေကို အဆုံးသတ်ပြီး အပြု သဘောဆောင်တဲ့ ပူးပေါင်းမှုတွေ မြှင့်တင်ဖို့ ကုလသမဂ္ဂကို တိုက်တွန်းတာပါ။

ဦးသန်းစိုးနိုင်ကတော့ စစ်ရေးနဲ့ ဘာမှမသက်ဆိုင်တဲ့ နေရာတွေမှာ စစ်ကောင်စီက လေကြောင်းထိုးစစ်နဲ့ တိုက်ခိုက်နေတဲ့ ကိစ္စတွေပါတဲ့ အစီရင်ခံစာဟာ အမှားလို့ဆိုရင် နိုင်ငံတကာခုံရုံးမှာ ဖြေရှင်းဖို့ လိုတယ်လို့ ပြောပါတယ်။

“စစ်ရှောင်စခန်းလို စစ်ရေးနဲ့ ဘာမှမသက်ဆိုင်တဲ့ နေရာတွေကို စစ်ကောင်စီကနေ အကြမ်းဖက်လေကြောင်းထိုးစစ်နဲ့ တိုက်ခိုက်သတ်ဖြတ်နေတဲ့ကိစ္စတွေ ကမ္ဘာကြီးက သိနေပါတယ်။ အဲဒါတွေကို မျက်ကွယ်ပြုပြီး ဒီအစီရင်ခံစာမှာ ပါတာတွေက အမှားတွေဖြစ်တယ်ဆိုလို့ရှိရင် နိုင်ငံတကာခုံ ရုံးမှာတက်ပြီး ဖြေရှင်းဖို့လိုပါတယ်” လို့ ဆိုပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ ဉာဏ်လင်းသစ်ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းချိန်ကနေ အခုနှစ် ဩဂုတ် လအထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇၄၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၄၅၀ ကျော် ရှိခဲ့တာပါ။

တစ်ဘက်မှာ စစ်ကောင်စီရဲ့ မတရားအာဏာလုမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူပေါင်း ၂၇၅၀၀ ကျော်ရှိပြီး အဲဒီထဲက ၂၁၀၀၀ ကျော်ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-IIMM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.