မော်လမြိုင်၊ အောက်တိုဘာလ ၁၂

သံဖြူဇရပ်မြို့ အခြေစိုက် ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဌ အပါအဝင် ၃ ဦးကို အောက်တိုဘာ ၉ ရက်နေ့မှာ စစ်ကောင်စီက အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်လိုက်တယ်လို့ အသင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

စစ်ကောင်စီဘက်က ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းသားတွေကို ဖမ်းဆီးပြီး ရက်ပေါင်း ၂၀ ကျော် အကြာမှာ လူမှုကူညီရေးအသင်း ဥက္ကဌဖြစ်တဲ့ ဦးရဲမင်းထိုက်နဲ့ အသင်းသားတွေဖြစ်ကြတဲ့ ကိုဝင်းကြည်နဲ့ကိုတူးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ဝ ည နဲ့ သံဖြူဇရပ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

“ထောက်ပို့လို့ စွပ်စွဲပြီး အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်လိုက်တာ။ PDF တွေကို ပိုက်ဆံ တစ်သိန်းလှူဖူးတာ၊ ဆန်လှူဖူးတာ၊ ပိုက်ဆံငါးသောင်းလောက် လှူဖူးတယ်ဆိုပြီး အမှုဖွင့်လိုက်တာပဲ” လို့ အသင်းနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အမှုဖွင့်ခံထားရသူ ၃ ဦးကတော့ စစ်ကောင်စီအဖွဲ့ စစ်ကြောရေးကနေ သံဖြူဇရပ် ရဲစခန်းမှာ ပြောင်းလဲချုပ်နှောင်ခံထားရပြီး တရားရင်ဆိုင်နေရပါတယ်။ အမှုဖွင့်ခံရပြီး ရဲစခန်းရောက်လာမှ ဖမ်းဆီးခံထားရသူတွေနဲ့ မိသားစုဝင်တွေက တွေ့ဆုံစကားပြောခွင့်ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက် ညပိုင်းမှာ သံဖြူဇရပ်မြို့ အခြေစိုက် ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးရဲမင်းထိုက်၊ ကိုရဲနိုင်ဦး၊ ကိုဇော်ဝမ်း အပါအဝင် နောက်ထပ်အသင်းသား ၃ ဦးကို PDF တွေနဲ့ ပတ်သက်မှု ရှိတယ်ဆိုပြီး အသင်းရုံးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက် ဖမ်းဆီးသွားတာဖြစ်ပါတယ်။

အဲဒီနောက် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းကလည်း နောက်ထပ် အသင်းဝင် ၃ ဦးကို နေအိမ်တွေမှာ စစ်ကောင်စီက ထပ်မံ ဖမ်းဆီးသွားခဲ့ပါတယ်။

အဖမ်းခံထားရသူတွေထဲက အသင်းသား ၃ ဦးကတော့ စက်တင်ဘာလကုန်ပိုင်းလောက်က ပြန်လွတ်လာခဲ့ပြီး အောက်တိုဘာ ၇ ရက် ညပိုင်းမှာတော့ နောက်ထပ် အသင်းသားတွေဖြစ်တဲ့ ကိုရဲလှိုင်ဦး၊ ကိုဇော်ဝမ်းအပါအဝင် ၃ ဦး ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း လူမှုကူညီရေးအသင်းသားတွေ မကြာခဏဆိုသလို ဖမ်းဆီးစစ်ဆေးခံနေရပြီး အဲဒီအထဲမှာ သံဖြူဇရပ်နဲ့ မုဒုံမြို့နယ်က လူမှုကူညီရေးအသင်းသား နှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.