မုဒုံ၊ အောက်တိုဘာ ၁၂

မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် အမှတ် ၃၁၈ အမြောက်တပ် တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က အောက်တိုဘာ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ မနက် ၅ နာရီ ၃၀ မိနစ်ကနေ မနက် ၁၀ နာရီ ၃၀ မိနစ်အချိန်အထိ အမှတ် ၃၁၈ အမြောက်တပ်ကို ရှော့တိုက်ဒုံး ၁၀ လုံး၊ ဒရုန်းဗုံး ၆ လုံးတို့နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“၃၁၈ တစ်ခုတည်းကိုပဲ ဦးတည်ပစ်ခတ်တာပါ။ ရှော့ဒုံး ၄ လုံးကျ သူတို့တပ်ဝင်းထဲကျတယ်လို့ သိရတယ်။ အဲဒီမှာ သူတို့က လက်နက်ကြီးနဲ့ ၆ လုံး ရမ်းသမ်းပစ်တော့ သူတို့တည်နေရာကို ဒရုန်းနဲ့လွှတ်ပြီး သူတို့နေရာကိုသိလို့ လက်နက်ကြီးနေရာကို ဒရုန်းဗုံးချခဲ့တော့ အသံငြိမ်သွားတယ်။ လက်နက်သိုလှောင်ရုံကိုလည်း ဒရုန်းဗုံးထပ်ချခဲ့တယ်” လို့ MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ယခုတိုက်ခိုက်မှုအတွင်းမှာ မွန်တော်လှန်ရေး ၃ ဖွဲ့အနေနဲ့ ပထမဦးဆုံးပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်လို့ တော်လှန်ရေးအတွက် အားကောင်းလာတဲ့ အခြေအနေတစ်ခုလို့ ပြောနိုင်ကြောင်း သူကဆက်ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁ ဦး နေရာမှာတင်သေဆုံးခဲ့သလို ၃ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရ စစ်ကောင်စီတပ်သား ၃ ဦးကို စစ်ကောင်စီရဲ့ ကုတင် ၃၀၀ ဆေးရုံကို ပို့ဆောင်ပြီးဆေးကုသနေစဉ် ၂ ဦး ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။

ပြည်သူလူထုတွေရဲ့ နေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့အပြင် စစ်ကောင်စီတပ်ဘက်က အင်အားနည်းမှုအပေါ်ကာကွယ်လိုစိတ်နဲ့ လက်နက်ကြီးပစ်ခတ်နေတာကို ပညာပေးတဲ့အနေနဲ့ အမတ ၃၁၈ ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုကိုတော့ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD၊ Saw Dragon Drone Force SDDF (ဒရုန်းအထူးတပ်ဖွဲ့)၊ Ye Air Force (YAF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း ၁၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း (တပ်ခွဲ – ၂)၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KBDF (ဒေါနတပ်ခွဲ – ၄)၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း – T5 နဲ့ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး – (DDPDF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

အခု အကြိမ်တိုက်ခိုက်ခံရမှုဟာ မုဒုံမြို့နယ်အတွင်းက စစ်ကောင်စီတပ်ရင်းတွေထဲမှာ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.