လားရှိုး ၊ အောက်တိုဘာ ၆

မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်တယ်လို့ တရားဝင် ကြေညာထားတဲ့ တရုတ်အစိုးရဟာ NUG ဒါမှမဟုတ် NLD ပါတီက စစ်တပ်ကိုအစားထိုးလို့ မရနိုင်ဘူးဆိုပြီး နောက် ကွယ်မှာ ဖိအားပေးပြောဆိုနေပါတယ်။

ဩဂုတ်နှောင်းပိုင်းမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက “ဝ” အဖွဲ့ UWSA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုရှိခဲ့ပါတယ်။

တွေ့ ဆုံမှုအတွင်း MNDAA နဲ့ ကိုးကန့်ဒေသကို တရုတ်အစိုးရရဲ့ ပိတ်ဆို့မှုတွေမှာ “ဝ”အဖွဲ့ က အ ပြည့်အဝပူး ပေါင်းဖို့ ဖိအားပေးတဲ့အပြင် မြန်မာစစ်တပ် ပြုတ်ကျမှာကို တရုတ်ကမလိုလားကြောင်း ပြောဆိုခဲ့မှုအပေါ် မြန်မာနောင်းသတင်းဌာနက အစည်းအဝေးမှတ်တမ်းရရှိကာ အောက် တိုဘာ ၄ ရက်နေ့မှာ ဖော်ပြခဲ့တာပါ။

အဲဒီဖော်ပြချက်အရ NUG ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက စစ်တပ်ကို အစား ထိုးဝင်ရောက်လို့ မရနိုင်ကြောင်း၊ စစ်တပ်ပြိုကျပြီး အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ NUG နဲ့ PDF အုပ်စုတွေ အနိုင်ရသွားမှာကို တရုတ်က လုံးဝလက်ခံမှာ မဟုတ်ကြောင်း တရုတ်ကိုယ်စားလှယ်က “ဝ”ခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တရုတ်အနေနဲ့ စစ်တပ်ဆက်လက်တည်ရှိရေးဟာ မြန် မာပြည်မှာ သူတို့အကျိုးစီးပွားတွေ အကောင်အထည်ဖော်ရေးအတွက် အရေးကြီးတဲ့အနေအထားဖြစ်တာကြောင့် အခုလိုပြောနေတာလို့ သုံးသပ်ပါတယ်။

“စစ်ခေါင်းဆောင်တွေနဲ့ စကားပြောလို့ရှိရင် သူတို့ (တရုတ်) လိုချင်တာရတယ်။ သူတို့လိုချင်တာ ပေးတယ်။ ဒေါ် အောင်ဆန်းစုကြည်တို့လို အရပ်သားအစိုးရနဲ့ဆိုရင် သူတို့အနေနဲ့ ပြောရဆိုရတာ ခက်တာပေါ့ဗျာ။ အကျပ်အတည်းတွေ့တယ်။ အဲဒီတော့ သူကတတ်နိုင်လို့ရှိရင် စစ်တပ်နဲ့ပဲ ဆက်ဆံချင်တာပါ။ အဲဒါကြောင့် စစ်တပ်ဆက်လက်တည်ရှိရေးဟာ တရုတ်က သူ့အကျိုးစီးပွားတွေ မြန်မာပြည်မှာ အကောင်အထည်ဖော်ရေးအတွက် အရေးကြီးတဲ့ အနေအထားဖြစ်ပါတယ်။ အဲဒါကြောင့်လည်း စစ်တပ်ကို အကာအကွယ်ပေးပြီးတော့ စစ်တပ်မရှိရင် တိုင်းပြည်က ဝရုန်းသုန်းကာဖြစ်လိမ့်မယ်။ စစ်တပ်ရှိအောင်လုပ်ရမယ်။ စစ်တပ်ကို NLD နဲ့ အစားထိုးလို့ မရဘူးလို့ သူတို့ ပြောနေတာဖြစ်ပါတယ်”လို့ ဆိုပါတယ်။

MNDAA အဖွဲ့ကိုလည်း ဖြတ် ၅ ဖြတ်နဲ့ ပိတ်ဆို့အရေးယူထားပြီး လားရှိုးမြို့ကနေ မဆုတ်မခြင်း ရုတ်သိမ်းပေးမှာ မဟုတ်တဲ့အပြင် ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်က “ဝ” ခေါင်းဆောင်တွေကို ပြောဆိုခဲ့တာပါ။

ကိုးကန့်အဖွဲ့ MNDAA အနေနဲ့ NUG နဲ့ စစ်ရေးနိုင်ငံ‌ရေးအရ ပူး‌ပေါင်းမှာမဟုတ်ဘဲ အပစ်ခတ်ရပ်စဲပြီး နိုင်ငံရေးလမ်းစဉ်နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာမှာ နိုင်ငံရေးရပ်တည် ချက်ကို ကြေညာခဲ့ပါတယ်။

ကြေညာချက်အရ တရုတ် ဒါမှမဟုတ် မြန်မာကို ဆန့်ကျင်တဲ့ နိုင်ငံခြားအသိုင်းအဝိုင်းတွေနဲ့ မပူးပေါင်းတာ မဆက်ဆံတာ မဟာမိတ်မဖွဲ့တာဟာ MNDAA ရဲ့ နိုင်ငံရေးRedline ဖြစ်တယ်လို့ အသိပေးထားတာပါ။

ဒါဟာ တရုတ်ရဲ့ ဖိအားပေးမှုကြောင့်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောဆိုခဲ့ကြပြီး အဲဒီနောက်ပိုင်းမှာတော့ တရုတ်နဲ့ “ဝ” ခေါင်းဆောင်တို့ကြားက တွေ့ဆုံဆွေးနွေးခဲ့တဲ့ အစည်းအဝေးမှတ်တမ်းတွေ ပေါက်ကြားလာတာ ဖြစ်ပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက တရုတ်ဟာ အနောက်နိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကို မကြိုက်တဲ့အတွက် အမေရိကန်နဲ့ နီးစပ်တဲ့ NUG ကိုလည်း အသိအမှတ်ပြု ဆက်ဆံတာမရှိဘဲ ညီ နောင်သုံးဖွဲ့ဘက်ကနေစပြီး ဖိအားပေးလာတာလို့ သုံးသပ်ပါတယ်။

“တရုတ်က အနောက်နိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကို မကြိုက်ဘူး။အမေရိကန်နဲ့ သိပ်ပြီး နီးစပ်တယ်လို့ ထင်ထားတဲ့ NUG ကိုလည်း အသိအမှတ်ပြုဆက်ဆံတာ မရှိဘူး။ဒါကြောင့် ညီနောင်သုံးဖွဲ့ဘက်ကနေ စပြီး ဖိအားပေးလာတာပေါ့။အခုဆိုရင် ပိုပြီး ထင်ရှားလာတာပေါ့။တရုတ်က စစ်တပ်ကိုပဲ ဒီနေရာမှာ ပြန်ထားချင်တယ်ဆိုတဲ့ သဘောမျိုး ပြောင်ပြောင်တင်းတင်းပြောလာတဲ့အခါမှာ ဒီကိစ္စက လက်ခံလို့မရနိုင်တဲ့ အခြေအနေ မျိုးဆိုတော့ ဒီလိုမျိုး တိုက်ပွဲတွေနဲ့ သံသရာလည်နေဦးမယ်လို့ ကျွန်တော်ယူဆပါတယ်”လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ဟာ အခြားတော်လှန်ရေးအဖွဲ့တွေနဲ့အတူ ပြီးခဲ့တဲ့နှစ် အောက်တိုဘာနှောင်းပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ စစ်ကောင်စီကို စစ် ကြေညာခဲ့ပါတယ်။

အဲဒီစစ်ဆင်ရေးကြောင့် ရှမ်း‌မြောက်မှာ စစ်ကောင်စီအရေးနိမ့်ခဲ့ရပြီး တရုတ်ကြားဝင်ညှိနှိုင်းပေးမှုနဲ့ နှစ်ဘက်အဖွဲ့ကြား ဟိုင်ဂင်သဘောတူညီချက် ရရှိကာ ၅ လကျော် အပစ်ခတ်ရပ်စဲခဲ့ကြပါတယ်။

ဒါပေမယ့် ဇွန်နှောင်းပိုင်းကနေ ပြန်လည်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာတော့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးခဲ့ရပြီး ကိုးကန့်အဖွဲ့ MNDAA က မြို့ ကိုပါ သိမ်း ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေရှိခဲ့တဲ့အပေါ် တရုတ်က မဟာမိတပ်တွေဖြစ်တဲ့ MNDAA ၊ PDF နဲ့ ကရင်နီအပြင် တောင်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကို လက်နက်မရောင်းဖို့ “ဝ” အဖွဲ့ကို ဖိအားပေးတားမြစ်ထားပါသေးတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို “ဝ”အဖွဲ့က မထောက်ပံ့ဖို့ တရုတ်ရဲ့ ဖိအားပေးမှုဟာ စစ်ကောင်စီဘက်ကို ရပ်တည်တဲ့ သဘောမျိုးသက်ရောက်တယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေတာပါ။

တရုတ်အရေး ကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇော်ကတော့ တရုတ်အနေနဲ့ တက်သမျှ အစိုးရတွေနဲ့ ဆက်ဆံတာဟာ အဲဒီအစိုးရကို ထောက်ခံတယ်လို့ ပြောလို့မရဘဲ ဆက်ဆံရေးကောင်းအောင် လုပ်တာလို့ ပြောပါတယ်။

“တရုတ်ဘက်ကတော့ တက်သမျှ အစိုးရ ကိုယ့်အစိုးရပဲလေ။သူ အဲဒီအစိုးရတွေနဲ့ ဆက်ဆံတာက အဲဒီအစိုးရကို ထောက်ခံတာလို့ ပြောလို့ မရဘူးပေါ့။ ဆက်ဆံရေးကောင်းအောင် သူဆက်ဆံဖို့ လိုတာပေါ့။ ဒါတော့ ရှိတယ်။ အဲဒီတော့ တချို့အချက်အလက်တွေက (မြန်မာနောင်းက ရရှိထားတဲ့ အစည်းအဝေးမှတ်တမ်း) မှန်ကောင်းမှန်နိုင်တယ်။ တချို့ အချက်အလက်တွေ နည်းနည်းစောင့်ကြည့်ဖို့ လိုဦးမယ်ထင်တယ်။ကျွန်မဘာမှ သိပ်မပြောချင်သေးဘူး”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဦးသန်းရွှေတို့ကို တ ရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက လာရောက်တွေ့ဆုံခဲ့ချိန်မှာ တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံတယ်လို့ ပြောဆိုထားတာပါ။

တစ်ဘက်မှာတော့ လားရှိုးမြို့ ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့မှုအပေါ် တရုတ်အစိုးရက တိတ်ဆိတ်နေပြီး “ဝ”အဖွဲ့နဲ့ ဆွေးနွေးခဲ့တဲ့ အစည်းအဝေးမှတ်တမ်း ပေါက်ကြားလာမှုကိုလည်း တစ်စုံတစ်ရာ တုံ့ပြန်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.