မော်လမြိုင်၊ အောက်တိုဘာ ၂

၂၀၂၄ ခုနှစ် လူဦးရေနဲ့အိမ်အကြောင်းအရာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မွန်ပြည်နယ်မှာ အောက်တိုဘာ ၁ ရက်နေ့ မနက်အစောပိုင်းကစပြီး လုံခြုံရေးအပြည့်နဲ့ စာရင်းကောက်ယူခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရာမှာ စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ရပ်ကွက်ကျေးရွာအလိုက် လုံခြုံရေးချထားပြီး ကောက်ယူရေးအဖွဲ့က တစ်အိမ်တက်ဆင်း ကောက်ယူခဲ့တာပါ။

သန်းခေါင်စာရင်းကောက်ယူနေချိန် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေရဲ့ နေအိမ်တွေနဲ့ လမ်းတွေမှာ တခြားသူတွေမဝင်နိုင်အောင် စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေက လက်နက်အပြည့်အစုံနဲ့ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

သန်းခေါင်စာရင်း ကောက်ယူမှုကို ကျောင်းဆရာ၊ဆရာမတွေနဲ့ သင်တန်းပေးထားတဲ့ စေတနာ့ဝန် ထမ်းတွေက ကောက်ယူခဲ့တာဖြစ်ပြီး လဝက၊ ထွေအုပ်အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတချို့လည်း ကောက်ယူရေးအဖွဲ့မှာ ပါဝင်ခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ သန်းခေါင်စာရင်း ကောက်ယူရမှာ သတ်မှတ်ထားတဲ့ အိမ်ထောင်စု မေးခွန်းပုံစံ ၆၈ ခု မေးမြန်းသွားပြီး ကောက်ယူပြီးစီးသွားနေတဲ့ နေအိမ်တွေမှာ ကောက်ယူပြီးစီးကြောင်း စာကပ်သွားတယ်လို့ သိရပါတယ်။

တချို့ရပ်ကွက်ကျေးရွာတွေမှာတော့ သန်းခေါင်စာရင်း ကောက်ယူမယ့် နေ့ရက်မှာ အိမ်ထောင်ဦးစီး ဒါမှမဟုတ် မိသားစုအကြောင်းအရာ ဖြေပေးနိုင်မယ့်သူတစ်ဦး ရှိနေပေးဖို့ စာလိုက်ဝေတာတွေ ရှိနေတာပါ။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုကြောင့် CDM ဝန်ထမ်းတွေနဲ့ တော်လှန်ရေးအင်အား စု မိသားစုဝင်ကြား စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်ရဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုတော့ လာမယ့် အောက်တို ဘာ ၁ ရက်နေ့ကစပြီး ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူသွားဖို့ စီစဉ်ထားပါတယ်။

ဒါပေမယ့် မွန်ပြည်နယ်မှာတော့ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ သန်းခေါင်စာရင်း အပြည့်အဝ ကောက်ယူနိုင်ဖို့ အခက်အခဲရှိနေတာပါ။

တော်လှန်ရေးအင်အားစုအဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုကို ပြည်သူတွေအနေနဲ့ မပူးပေါင်းကြဖို့နဲ့ မလွဲသာလို့ စာရင်းကောက်ယူခံရပါက အချက်အလက်အမှန် မဖြေကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.