မော်လမြိုင်၊ အောက်တိုဘာ ၁

မြန်မာနိုင်ငံမှာ လာမယ့် အောက်တိုဘာ ၅ ရက်နေ့အထိ ရေဘေးအန္တရာယ် ထပ်မံကြုံတွေ့နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာ ၃၀ ရက်နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ နေ့လည် ၁၂ နာရီခွဲ တိုင်းထွာချက်တွေအရ အနောက်ဘက်မှ ရွှေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန်ကြောင့် အပူပျံတက်တိမ်မှားဖြစ်ထွန်းမှု အားကောင်းလာတဲ့အ တွက် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးနဲ့ လေဖိအားကြီးရပ်ဝန်းတွေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တာပါ။

ဒါကြောင့် စက်တင်ဘာ ၃၀ ရက်နေ့ နေ့လည်ပိုင်းမှ အောက်တိုဘာ ၅ ရက်နေ့ထိ နေပြည်တော်အ ပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာတာ၊ မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ကုန်းမြင့်ဒေသတွေမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ချောင်းအနီးမှာ နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကို ဖြစ်ပေါ်နိုင်တာကြောင့် ရေဘေးအန္တရာယ်ကို ကြိုတင်သတိပြု ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။

စက်တင်ဘာလအတွင်း ဝင်ရောက်ခဲ့တဲ့ ရာဂီမုန်တိုင်းဒဏ်ကြောင့် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန် အခုလို ရေဘေးအန္တရာယ်နဲ့ ထပ်မံကြုံတွေ့နိုင်ကြောင်း သတိပေးချက် ထွက်ပေါ်လာတာပါ။

နိုင်ငံတဝန်း ရာဂီမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေမှာ သေဆုံးသူ ၄၃၃ ဦး အထိရှိလာပြီး ပျောက်ဆုံးသူ ၇၉ ဦးရှိကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI/CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.