ဖာပွန်၊ အောက်တိုဘာ ၁

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ ကတိုင်တိဒေသထဲ စစ် ကြောင်းထိုး ဝင်ရောက်လာနေတဲ့ စစ်ကောင်စီ BGF ပူးပေါင်းတပ် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

KNLA တော်လှန်ရေးတပ်ဖွဲ့တို့ ဝိုင်းရံပိတ်ဆို့ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဖာပွန်စစ်ဗျူဟာနဲ့ အခြားတပ်စခန်းတွေကို မြေပြင်ကနေ စစ်ကူပေးပို့နိုင်ဖို့အတွက် ပြီးခဲ့တဲ့စက်တင်ဘာလ အစောပိုင်းကနေစပြီး စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တို့ဟာ ကရင်ပြည်နယ် ကမမောင်းမြို့ကနေ ကတိုင်တိဒေသထဲကို တပ်အင်အားဖြည့်ဆည်းလာခဲ့တာပါ။

စက်တင်ဘာ ၂၀ ရက်နေ့က ကတိုင်တိစခန်းကနေ ကတိုင်တိအထက်ဘက် တောင်သုံးလုံးတပ်စခန်းကို စစ်ကောင်စီ BGF တပ်စစ်ကြောင်းက စစ်ရေးဝင်ရောက်လှုပ်ရှားခဲ့ရာ နယ်မြေခံ KNLA တပ်မဟာ ၅ တော်လှန်ရေး ပူးပေါင်းအဖွဲ့တို့နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်တိုက်ပွဲအ တွင်း စစ်ကောင်စီဘက်က ဗျူဟာမှူးအပါအဝင် ရဲဘော်တပ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ တောင်သုံးလုံးတပ်စခန်းထဲမှာ ရပ်တန့်သွားခဲ့ပြီး ရှေ့ဘက်ကို ဆက်လက်ထိုးစစ်မဆင်နိုင်တော့ဘဲ ကမမောင်းဘက်ကို ပြန် လည်ဆုတ်ခွာသွားတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

ဖာပွန်-ကတိုင်တိ-ကမမောင်းလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ စခန်းတွေဖြစ်ကြတဲ့ မထောစခန်း၊ တောင်သုံးလုံးတပ်စခန်း၊ ကတိုင်တိစခန်းတို့ကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပြီး ဖာပွန်စစ်ဗျူဟာနဲ့ ခေါပုတ်တပ်စခန်းတွေကိုလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့က ဝိုင်းရံဖြတ်တောက်ထားတာပါ။

ဖာပွန်စစ်ဗျူဟာအပါအဝင် အထိုင်တပ်ရင်းဌာနချုပ်တွေ တပ်စခန်းတွေ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းကနေသာ ရိက္ခာလက်နက်ခဲယမ်းပစ္စည်းတွေကို အား ကိုးပို့ဆောင်နေရတယ်လို့ တပ်မဟာ ၅ ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

ပုံစာ – ဖာပွန်ခရိုင်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၄၃၄ ခြေမြန်တပ်ရင်း သိမ်းပိုက်စဉ် ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတချို့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.