နယူးယောက်၊ စက်တင်ဘာ ၂၈

မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆာရီ မိုဟာမတ် ဟာဆန်ဟာ စက်တင်ဘာ ၂၇ ရက်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်နဲ့ နှစ်ဦးတည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါလက်စတိုင်းနဲ့ မြန်မာ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကုလက ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ရေး တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အဲဒီဒေသ နှစ်ခုစလုံးမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မလေးရှားက များစွာ စိုးရိမ်ကြောင်း ဝန်ကြီး မိုဟာမက် ဟာဆန်က ပြောကြားထားတာပါ။

အရပ်သား ပြည်သူ သန်းပေါင်းများစွာကို ရိုက်ခတ်နေတဲ့ လူသားချင်းစာနာ ထောက်ထားရေး ပြဿနာကို ဖြေရှင်းဖို့ အရေးတကြီး လိုအပ်နေပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ပြန်ရရေး ကုလသမဂ္ဂက အရှိန်မြှင့် ကြိုးပမ်းပေးဖို့ သူက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ စိုးရိမ်မှုတွေ အကြောင်း တင်ပြခဲ့ပြီး ပါလက်စတိုင်းနဲ့ မြန်မာ ပြည်သူတွေအတွက် ငြိမ်းချမ်းရေး ရရှိစေဖို့ ကုလသမဂ္ဂက အရှိန်မြှင့်ကြိုးပမ်းရေး တိုက်တွန်း ပြောကြားခဲ့တဲ့အကြောင်း ဝန်ကြီး မိုဟာမက် ဟာဆန်ရဲ့ ပြောစကားကို မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌနေရာကို ရယူမယ့် မလေးရှားနဲ့ ကုလတို့ကြား ပူးပေါင်းဆောင်ရွက်နိုင်ခြေနဲ့ ပတ်သက်လို့လည်း သူက အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်နဲ့ ဆွေးနွေးခဲ့ပါတယ်။

၇၉ ကြိမ်မြောက် အထွေထွေညီလာခံ ပြင်ပမှာ သူတို့နှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး မိုဟာမက် ဟာဆန်ဟာ ၂၀၂၃ ခုနှစ်မှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပြီးနောက်ပိုင်း ဒါဟာ ပထမဆုံး အထွေထွေညီလာခံ တက်ရောက်မှုလည်း ဖြစ်ပါတယ်။

မြန်မာ့ ပြဿနာ ဖြေရှင်းရေး အာဆီယံက ဘုံသဘောတူညီချက် ငါးရပ် ချမှတ်ထားပေမယ့် စစ်ကောင်စီက အကောင်အထည်ဖော်မှု မရှိတာကြောင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြား သဘောထား ကွဲလွဲနေကြပါတယ်။

မြန်မာ့ပြဿနာ ဖြေရှင်းရေး ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ဦး ခန့်အပ်ထားပြီး မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းစတဲ့ အာဆီယံနိုင်ငံတွေက ပြဿနာ ဖြေရှင်းရေး ဦးဆောင်ကြိုးပမ်းနေပေမယ့် အခြေအနေ တိုးတက်မှု အနည်းငယ်ကိုပဲ မြင်တွေ့နေရတာဖြစ်ပါတယ်။

Ref:Bernama

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.