တိုကျို၊ စက်တင်ဘာ ၂၈

ဂျပန်နိုင်ငံမှာ အရှုပ်တော်ပုံ ပေါ်ပေါက်နေတဲ့ အာဏာရပါတီက ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂီရူ အီရှီဘာကို ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်ပြီး နိုင်ငံရဲ့ ဝန်ကြီးချုပ်နေရာအတွက် လျာထားလိုက်ပါတယ်။

အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ LDP ကို သန့်ရှင်းအောင် လုပ်မယ်လို့ ပြောထားတဲ့ ဝန်ကြီးဟောင်း အသက် ၇၆ နှစ်အရွယ် အီရှီဘာက စက်တင်ဘာ ၂၇ ရက်မှာ ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီးနောက် စီးပွားရေးကို ပြန်အသက်သွင်းပြီး လုံခြုံရေးအန္တရာယ်တွေကို ဖြေရှင်းမယ်လို့ ပြောကြားထားပါတယ်။

LDP ပါတီဟာ လွှတ်တော်ထဲမှာ နေရာအများစု ရရှိထားတာကြောင့် ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသူဟာ ဝန်ကြီးချုပ် ဖြစ်လာမှာ သေချာနေပြီး အီရှီဘာကို အောက်တိုဘာ ၁ ရက်မှာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မယ်လို့ မျှော်လင့်ရပါတယ်။

ဂျပန် အာဏာရပါတီဟာ အရှုပ်တော်ပုံတွေ၊ ပါတီတွင်း ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ပါတီခေါင်းဆောင်သစ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ထပ်ပြီး ရွေးကောက်ခံတော့မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီးနောက် ပါတီခေါင်းဆောင် နေရာအတွက် ကိုယ်စားလှယ်လောင်း ၉ ဦး အထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပဉ္စမအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အီရှီဘာဟာ စစ်တမ်း အများစုမှာ ထိပ်ဆုံးက ဦးဆောင်နေခဲ့ပြီး စစ်ပွဲအလွန် ခေတ်ကာလ အများစုမှာ ဂျပန်ကို အုပ်ချုပ်ခဲ့တဲ့ LDP ပါတီကို ဦးဆောင်ဖို့ နောက်ဆုံး ကြိုးပမ်းရာမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပါတီခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ရာမှာ ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာဖို့ ကြိုးပမ်းတဲ့ ဆာနာအေး တာကိုင်ရှိနဲ့ အီရှီဘာတို့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုတွေနဲ့ မကြာသေးခင်က ဂျပန် ပိုင်နက်ထဲသို့ တရုတ်နဲ့ ရုရှားတို့ရဲ့ ချင်းနင်း ဝင်ရောက်မှုတို့ကြောင့် နိုင်ငံ့လုံခြုံရေးကို အားကောင်းအောင် လုပ်ဆောင်ရမယ်လို့ အီရှီဘာက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ စီးပွားရေးဗျူဟာမှာ ကုန်ဈေးနှုန်း မြင့်တက်နေမှုကို တိုက်ဖျက်ရေးနဲ့ လုပ်ခလစာ တိုးမြှင့်ပေးမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။

၁၉၅၅ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီးနောက်ပိုင်း ဆက်တိုက်နီးပါး အာဏာရလာခဲ့တဲ့ LDP ပါတီအနေနဲ့ ပြောင်းလဲမှုတွေလုပ်မှာဖြစ်ကြောင်း ပြည်သူတွေကို ပြသဖို့ လိုအပ်တယ်လို့ အီရှီဘာက ပြောပါတယ်။

LDP ပါတီတွင်းမှာ ကြေညာမထားတဲ့ နိုင်ငံရေး ရန်ပုံငွေတွေ ကိစ္စနဲ့ ပတ်သက်လို့ အရှုပ်တော်ပုံတွေ ထွက်ပေါ်နေပြီး အခု ခေါင်းဆောင် အသစ်ရွေးချယ်မှုက လူထု ယုံကြည်မှု ပြန်ရအောင် ကြိုးပမ်းတာလည်း ဖြစ်ပါတယ်။

Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.