သံဖြူဇရပ်၊ စက်တင်ဘာ ၁၇

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျောင်းရွာ-လင်မသာ-ဝဲခမိကျေးရွာ ရွာချင်းဆက်လမ်းပေါ် လက် နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အဲဒီကျေးရွာချင်းဆက်လမ်းပေါ် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းရွာအနီး စမ်းချောင်းမှာ ရေကစားပြီး ပြန်လာတဲ့ ဝဲခမိကျေးရွာနေ အသက် ၁၉ နှစ်အရွယ်တွေဖြစ်တဲ့ နိုင်ငယ်ထူးထူးလင်းနဲ့ မဇင်မာထွေးတို့ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးကျည်စထိမှန်မှုကြောင့် နိုင်ငယ်ထူးထူးလင်းဟာ ယာခြေပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်လက်မောင်းပေါက်ပြဲဒဏ်ရာနဲ့ မဇင်မာထွေးမှာ ဝဲဘက်လက်မောင်း ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး လူမှုကယ်ဆယ်ရေးအကူအညီနဲ့ သံဖြူဇရပ်ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ အဲဒီလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကလည်း တစ်စုံတစ် ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က သံဖြူဇရပ်မြို့နယ် အပြင်စခန်းကြီးကျေးရွာနေ အသက် ၃၇ နှစ်အရွယ် ဦးဉာဏ်ထွန်းဟာ သူပိုင်တဲ့ရော်ဘာခြံမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ် ရာရရှိခဲ့ပါတယ်။

သံဖြူဇရပ်မြို့နယ်မှာ အာဏာသိမ်းကာလအတွင်း ဒေသခံပြည်သူတွေဟာ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် မကြာခဏဆိုသလို ထိခိုက်သေဆုံးတာတွေရှိနေပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ မြင့်တက်လာတာပါ။

လဂွန်းအိမ်စာစဉ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.