ဘန်ကောက် စက်တင်ဘာ ၁၆

မကြာသေးမီက တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်း ယာဂီကြောင့် မြန်မာနိုင်ငံ တဝန်းလုံးနီးပါးမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ရာကနေ အတိဒုက္ခရောက်ခဲ့ကြရတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထံကနေ ဘန်ကောက်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက ဆန်အိတ်အပါအဝင် အလှူပစ္စည်းတွေကို တောင်းခံနေတာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားချက်အရ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်အထိ ဘန်ကောက်သံရုံးနဲ့ ချင်းမိုင်ကောင်စစ်ဝန်ရုံးတို့ဟာ ဆန်အိတ် ၄၀၀ ကျော်နဲ့ ငွေသား ဘတ် ၁ သိန်းကျော်ကို လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၄ ပြည်ရှိ ဆန်တစ်အိတ်ကို ဘတ် ၆၅၀ နဲ့သတ်မှတ် လှူဒါန်းနိုင်ကြောင်းလည်း ကြေညာထားပါတယ်။

မကြာသေးမီကမှ ပညာသင်ပတ်စ်ပို့စ် အပါအဝင် ထိုင်းရောက် မြန်မာနိုင်ငံသားတွေအတွက် အရေးကြီးတဲ့ကိစ္စရပ်တချို့ကို ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကနေ ဆောင်ရွက်ပေးတော့မှာမဟုတ်ကြောင်း ကြေညာခဲ့ပြီးတဲ့နောက် ထိုင်းရောက် မြန်မာနိုင်ငံသားတွေကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

နောက်ပြီး လုပ်အားခ ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်းကို အခွန်ဆောင်ဖို့နဲ့ လုပ်အားခရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက မိသားစုဝင်တွေထံ တရားဝင်လမ်းကြောင်းကနေ မဖြစ်မနေ လွှဲဖို့ ဖိအားပေးမှုတွေ ရှိနေတာကြောင့် အခုလိုမျိုး သံရုံးက ဦးစီးလုပ်ဆောင်တဲ့ ရေဘေးသင့်ပြည်သူတွေအတွက် အလှူအစီအစဉ်အပေါ် ထိုင်းရောက် မြန်မာပြည်သားတွေစိတ်ဝင်စားမှု သိပ်မရှိတာကိုလည်း တွေ့ရပါတယ်။

အခုလိုမျိုး မြန်မာသံရုံးက အလှူပစ္စည်းတွေကို လက်ခံနေတယ်လို့ ကြေညာပေမယ့် မြေပြင်မှာတော့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ အလှူငွေနဲ့ ပစ္စည်းတွေကောက်ခံပြီး ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းမှုတွေရှိနေကြောင်း စုံစမ်းသိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Myanmar Embassy Bangkok

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.