ရေတာရှည်၊ စက်တင်ဘာ ၁၆

ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ ရေဘေးဒဏ်ကြုံတွေ့ ခံစားနေရတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရေတာရှည်မြို့နယ်မှာ ရေဘေးဒဏ်ကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရင်း စက်တင်ဘာ ၁၃ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်သား တစ်ဦး အသက်ဆုံးရှုံးခဲ့ရတာပါ။

ကျဆုံးခဲ့တဲ့ PDF ရဲဘော်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၇ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၉၀၁ မှ ရဲဘော် Eagle ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အသက်စွန့်လွှတ်ပေးလှူခဲ့တဲ့ ရဲဘော် Eagle ရဲ့ တပ်မှူး တပ်သားတွေနဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တူ ဝမ်းနည်းရတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကလည်း ဆေးသင်တန်းတက်နေတဲ့ သင်တန်းသားတွေ လေ့ကျင့်ရေးဆင်းချိန် ချောင်းတစ်ခုကို ဖြတ်ဖို့ ကြိုးစားရင်း ချောင်းရေနဲ့အတူ မျောပါခဲ့တာကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ရဲ့ သင်တန်းသား ၁၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၅၆ မြို့နယ်မှာ ဖြစ်ပွားနေတဲ့ ရေဘေးကြောင့် သေဆုံး ၁၁၃ ဦးအထိ ရှိလာပြီး ပျောက်ဆုံးနေသူ ၆၀ ထက်မနည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.