မကွေး စက်တင်ဘာ ၁၆

မကွေးတိုင်း ပွင့်ဖြူမြို့နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့မှာ လယ်မကျေးရွာက ပျူစောထီးခေါင်းဆောင်တစ်ဦးကို ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်ခဲ့ပြီးတဲ့နောက် စစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“စလင်းဘက်က လာတဲ့ စစ်ကြောင်းနဲ့ ပွင့်ဖြူ ဝါတပ်ဘက်က လာတဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။ အဲဒီနေ့မှာ သူတို့ စစ်ကူသွားချင်တဲ့ နေရာတွေကို မရောက်လိုက်ဘူး” လို့ မင်းဘူးခရိုင် အမှတ်- ၇ တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ နံနက်ပိုင်းမှာ လယ်မကျေးရွာက ပျူစောထီးခေါင်းဆောင် ရာဇာကို မေးမြန်းဖို့ တားဆီးတဲ့အချိန်မှာ ဆိုင်ကယ် ရပ်မပေးတာကြောင့် ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်ရာ အဲဒီပျုခေါင်းဆောင်သေဆုံးသွားတယ်လို့ သိရပါတယ်။

ကာကွယ်ရေးအဖွဲ့တွေ ရှိနေတဲ့လယ်မကျေးရွာကို ချဉ်းကပ်ဖို့အတွက် ပွင့်ဖြူမြို့နယ် ဝါစိုက်ပျိုးရေးတပ်ကနေ ထွက်လာတဲ့ အင်အား ၂၀ ဝန်းကျင်ပါ စစ်ကောင်စီ ကားတစ်စီးကို မကျီးစုရွာအနီးမှာ ဖြတ်တောက် တိုက်ခိုက်ခဲ့ရာမှာ ၈ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စလင်းမြို့နယ် ကံပြား ရဲစခန်းဘက်ကနေ လာတဲ့ အင်အား ၆၀ ဝန်းကျင်ပါ ကားသုံးစီးကို ဆင်လူးကျေးရွာနဲ့ မဲဇလီကျေးရွာကြားမှာ ဖြတ်တောက် တိုက်ခိုက်ခဲ့တဲ့အတွက် ပျူစောထီး ၁ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကိုတော့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း၊ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပွင့်ဖြူ ပ.က.ဖ နဲ့ Yenanthar Youth Force LPDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“သေတာက အဲဒါထက် များတာပေါ့။ အရပ်သား နာရေးကားတွေဆို ဟိုးဩဂုတ်လကတည်းက ယူထားတာ။ သူတို့အလောင်းတွေ ပြန်သယ်ဖို့အတွက်ဆိုပြီး ယူထားတာ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ဝန်လို၊ ခိုနန်းကျေးရွာတွေမှာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အထိနာလို့ ရပ်ရွာ နာရေးကားတွေကို အသုံးပြုခဲ့ရသလို အခုအခါမှာလည်း ရွာက ကားတွေကို အသုံးပြုတာမျိုးတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပွင့်ဖြူမြို့နယ်မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်တာတွေများလာတဲ့ နောက်မှာ ရဲပြေးတွေ၊ စစ်ပြေးတွေ များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.