ရန်ကုန် ၊ စက်တင်ဘာ ၁၆

တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒဟာ မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူတယ်လို့ ရန်ကုန်အခြေစိုက် တရုတ်သံရုံးရဲ့ Facebook လူမှုကွန်ရက်ကနေ စက်တင်ဘာ ၁၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

မကြာသေးမီက မီဒီယာတချို့နဲ့ ပုဂ္ဂိုလ်တွေက တရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်နေတယ်လို့ အကြောင်းမဲ့ အပြစ်တင်မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရသူက သဘောထား ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံအ‌‌ပေါ် ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒဟာ မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူတဲ့အတွက် ဘက်အသီးသီးက ဆောလျင်စွာ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ တရုတ်က တိုက်တွန်းတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ မြန်မာနိုင်ငံအခြေအနေ ပြန်လည်တည်ငြိမ် အရှိန်လျော့လာရေးကို ဖော်ဆောင်သွားဖို့ တရုတ်နိုင်ငံက မျှော်လင့်ကြောင်းနဲ့ အဲဒီအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်သွားဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်း ဖြစ်တည်မှုနဲ့ နယ်မြေတည်တံ့မှုအပေါ် ထိန်းသိမ်းကာကွယ်တာကို ခိုင်မာစွာ ထောက်ခံအားပေးပြီး ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ဘဲ မြန်မာပြည်သူက ပိုင်ဆိုင်ပြီး ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာတယ်လို့ အသိပေးထားတာပါ။

မြန်မာနိုင်ငံမှာ မတည်ငြိမ်မှု၊ စစ်ပွဲဖြစ်ပွားနေမှု အပါအဝင် ပြည်ပအင်အားစုက မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုကို တရုတ်နိုင်ငံအနေနဲ့ ဆန့်ကျင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံဆက်ဆံရေးကို သွေးခွဲလိုတဲ့ တရုတ်နိုင်ငံကို အကြောင်းမဲ့ အပြစ်တင်တဲ့ ဘယ်လို ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဦးသန်းရွှေတို့ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက လာရောက်တွေ့ဆုံခဲ့တဲ့ ခရီးစဉ်မှာတော့ တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံတယ်လို့ ပြောဆိုထားတာပါ။

စစ်ကောင်စီကတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် လိုအပ်တဲ့ နည်းပညာတွေ ကူညီပေးသွားမှာဖြစ်သလို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်တာတွေ ကူညီပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Chinese Embassy

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.