အစ္စတန်ဘူလ်၊ စက်တင်ဘာ ၁၆

ဂါဇာစစ်ပွဲ ၁၁ လ ကြာမြင့်လာချိန်မှာ မိမိတို့အနေနဲ့ ဆုံးရှုံးမှုတွေ များပေမယ့် စစ်ပွဲကို ဆက်လက် ဆင်နွှဲနိုင်ရေး ရင်းမြစ်တွေ အများကြီး စုဆောင်းထားပြီး ဖြစ်တယ်လို့ ပါလက်စတိုင်း လက်နက်ကိုင် ဟားမာ့စ်အဖွဲ့ရဲ့ အကြီးတန်း အရာရှိ တစ်ယောက်က စက်တင်ဘာ ၁၅ ရက်မှာ ပြောကြားလိုက်ပါတယ်။

ခုခံတွန်းလှန်ရေးအင်အားစုအနေနဲ့ ဆက်လက်ခရီးနှင်ဖို့ အင်အားရှိနေဆဲ ဖြစ်တယ်လို့ ဟားမာ့စ်အဖွဲ့ အကြီးတန်းအရာရှိ အိုစမာ ဟန်ဒန်က အစ္စတန်ဘူလ်မြို့မှာ ပြုလုပ်တဲ့ အင်တာဗျူးအတွင်း ပြောဆိုထားတာပါ။

အာဇာနည်တွေ စွန့်လွှတ် အနစ်နာခံသူတွေ ရှိနေပြီး မိမိတို့ တော်လှန်ရေးအတွက် မျိုးဆက်သစ်တွေထဲက အင်အား စုဆောင်းထားပြီ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဟားမာ့စ်အဖွဲ့ဟာ ဂါဇာမှာ စစ်ရေးအဖွဲ့အစည်းတစ်ခုအနေနဲ့ မရှိတော့ဘူးလို့ အစ္စရေးက ပြောကြားပြီးနောက် ဟားမာ့စ်အဖွဲ့ရဲ့ အခုလိုမျိုးပြောဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းသားတွေနဲ့ အစ္စရေး ဓားစာခံတွေ လဲလှယ်ရေး ဝန်ကြီးချုပ် နေတန်ညာဟုအနေနဲ့ ဖိအားတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။

အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့ ကြားဝင် ညှိနှိုင်းပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိရေး ကြိုးပမ်းနေပေမယ့် အပြီးသတ် သဘောတူညီမှု ရရှိဖို့ ခက်ခဲနေပါတယ်။

ဒီလို ဆွေးနွေးမှုတွေ ရှိနေချိန်မှာ အမေရိကန်အနေနဲ့ အစ္စရေး အစိုးရအပေါ် လုံလောက်တဲ့ ဖိအားပေးမှု မရှိဘူးလို့ အဲဒီ ဟားမာ့စ် ထိပ်တန်း အရာရှိက ပြောပါတယ်။

ဂါဇာမှာ လူအစုလိုက် အပြုံလိုက် သေဆုံးခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပေမယ့် အမေရိကန်ကတော့ လက်နက်တွေ ထောက်ပံ့ပေးနေဆဲ ဖြစ်ပါတယ်။

ဓားစာခံတွေ ကယ်တင်ရေး အကြိမ်ကြိမ် ကတိပြုထားပေမယ့် မိမိတို့ စစ်တပ်က ဟားမာ့စ်တပ်ဖွဲ့ဝင် ၁၇၀၀၀ ကို သတ်ဖြတ်နိုင်ခဲ့တယ်လို့ပဲ ပြောကြားပြီး ဓားစာခံတွေ အရေးကိစ္စကို ဝန်ကြီးချုပ် နေတန်ညာဟုက ပြောဆိုထားတာ မတွေ့ရပါဘူး။

အီရန်ထောက်ပံ့ထားတဲ့ ဟားမာ့စ်အဖွဲ့က အစ္စရေးတောင်ပိုင်းကို ဝင်ရောက် တိုက်ခိုက်ပြီး ဓားစာခံတွေကို ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းသားတွေ သန်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ရသလို သေဆုံးမှု အများကြီး ရှိနေပါတယ်။

အီရန် ထောက်ပံ့ထားတဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ လက်တုံ့ပြန်မှုတွေ ပြုလုပ်နေချိန် ဒေသတွင်းမှာတင်းမာမှု မြင့်တက်လာနေပြီး ပိုမို ကျယ်ပြန့်တဲ့ စစ်ပွဲကြီး ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.