ဝါရှင်တန်၊ စက်တင်ဘာ ၁၄

နိုင်ငံပိုင် ရုပ်သံလိုင်း RT ဟာ ရုရှား ထောက်လှမ်းရေးဌာနရဲ့ လက်တံခွဲ တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ဘလင်ကန်က ပြောကြားပြီး အရေးယူ ပိတ်ဆို့မှု အသစ်တွေ ချမှတ်လိုက်ပါတယ်။

RT ရုပ်သံလိုင်းဟာ အမေရိကန်မှာ ဒီမိုကရေစီ အားနည်းစေရေး ကြိုးပမ်းနေတဲ့ ရုရှားအစိုးရ ထောက်ပံ့ပေးထားတဲ့ မီဒီယာတွေထဲက တစ်ခု ဖြစ်တယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

Secretary of State Antony Blinken speaks during a news conference about Russia’s election interference at the Department of State in Washington, Friday, Sept. 13, 2024. (AP Photo/Jose Luis Magana)

ရုရှားအစိုးရအရာရှိတွေ ကိုယ်တိုင် RT မီဒီယာ အဖွဲ့အစည်းထဲမှာ ပါဝင်နေပြီး ထောက်လှမ်းရေးဌာနနဲ့ အဆက်အသွယ် ရှိသလို ဆိုက်ဘာ တိုက်ခိုက်မှုတွေ လုပ်နိုင်တဲ့ စွမ်းပကားလည်း ရှိတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

RT သတင်းဌာနက ဝန်ကြီး ဘလင်ကန်ရဲ့ လူမှုမီဒီယာ X နဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေကို ထုတ်လွှင့် ပြသခဲ့ပြီး ဒါဟာ အမေရိကန်ရဲ့ နောက်ဆုံး လျှို့ဝှက် ပူးပေါင်းကြံစည်မှု ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အမေရိကန်မှာ ရုရှားကို အရေးယူ ပိတ်ဆို့မှု ပြုလုပ်တဲ့ နေရာမှာ အထူး ကျွမ်းကျင်သူ အလုပ်အကိုင်တွေ အသစ် ထွက်ပေါ်လာတော့မယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ပြောပါတယ်။

RT သတင်းဌာနက အမေရိကန် ရွေးကောက်ပွဲကို သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ RT သတင်းဌာန အယ်ဒီတာချုပ်က မိမိတို့ ဝန်ထမ်း အများစုဟာ အမေရိကန်ရဲ့ ငွေကြေး အထောက်အပံ့နဲ့ အမေရိကန်မှာပဲ သင်တန်းတက်ပြီး အလုပ်လုပ်နေသူတွေ ဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

အရင်က Russia Today လို့ ခေါ်တဲ့ အဲဒီ မီဒီယာဟာ သတင်း အချက်အလက် နှိုက်ယူတာ၊ သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းတာနဲ့ စစ်သုံးပစ္စည်း ဝယ်ယူမှုတွေမှာ ပါဝင်နေပြီး ဥရောပ၊ အာဖရိက၊ တောင်နဲ့မြောက် အမေရိကဒေသတို့မှာ လှုပ်ရှားနေတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

RT သတင်းဌာနဟာ ယူကရိန်းမှာ တိုက်ခိုက်နေတဲ့ ရုရှားစစ်သားတွေအတွက် စစ်သုံးပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ ရန်ပုံငွေပွဲတွေ စီစဉ် ကျင်းပနေတယ်လို့ ဝန်ကြီး ဘလင်ကန်က စွပ်စွဲထားပါတယ်။

အဲဒီမီဒီယာဟာ ရုရှား ထောက်လှမ်းရေးနဲ့ ပူးပေါင်းပြီး မော်ဒိုဗာ ရွေးကောက်ပွဲမှာ ကြားဝင် စွက်ဖက်ခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ပြောထားပါတယ်။

RT သတင်းဌာနကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံခြားမစ်ရှင်တစ်ခုအဖြစ် သတ်မှတ်ကြောင်းလည်း ကြေညာထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.