“လူထုစည်းရုံးရေးမှာ စုပြီးတော့ စည်းရုံးတာက အစ တရားဝင် ဖြစ်သွားပြီဆိုတော့လည်း အများကြီးကောင်းတာပေါ့။ ပြည်သူလူထုဆီကလည်း အကြံဉာဏ်ပိုပြီးတော့ ရလာတယ်။ နောက်ပြီးတော့ ကျွန်တော်တို့လည်း သူတို့ဆီက ဘယ်လို ဆက်လုပ်သွားရမလဲဆိုတာကိုလည်း သေသေချာချာ ချပြလို့ရတာပေါ့” – နိုင်သန်းရွှေ (ပါတီ ပြောခွင့်ရသူ)

စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်နှစ်ခွဲကျော် စောင့်ဆိုင်းထားတဲ့ မွန်ညီညွတ်ရေးပါတီ MUP ကို စက်တင်ဘာ ၉ ရက်နေ့မှာ ပါတီမှတ်ပုံတင်ခွင့် ပြုခဲ့ပါတယ်။ လက်ရှိ စစ်ကောင်စီရဲ့ ဗဟိုအစိုးရအဖွဲ့ထဲမှာ ပါဝင်လှုပ်ရှားနေတဲ့ မွန်ညီညွတ်ရေးပါတီကို အချိန်တော်တော်ကြာပြီးမှ ပါတီမှတ်ပုံတင် ချပေးလိုက်တာဟာ ဘယ်လို သဘောကို ဆောင်ပါသလဲ။

တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရရှိသွားတဲ့ MUP ပါတီအနေနဲ့ မွန်ပြည်နယ်အတွင်းမှာ ဘယ်လိုလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်သွားမလဲ။ ရှေ့ဆက်လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေအကြောင်း၊ လာမယ့်နှစ်နှောင်းပိုင်းမှာ စစ်ကောင်စီလုပ်ဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပါတီရဲ့ သဘောထားအမြင်တွေကို သိရဖို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းကြည့်ထားပါတယ်။

မေး – ဆရာတို့ပါတီကို မကြာသေးခင်ကပဲ ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ချပေးလိုက်ပြီဆိုတော့လေ လက်ရှိ နိုင်ငံရေးအခြေအနေမှာ တရားဝင် နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့ မွန်ပြည်နယ်အတွင်းမှာ ဘယ်လိုမျိုး ဆက်လက်လုပ်ဆောင်သွားဖို့ရှိမလဲ။

ဖြေ – လောလောဆယ်တော့ ဘာမှလုပ်ငန်းတွေ ရှေ့ဆက်မရှိသေးဘူး။လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ အတွက်ကတော့ ကော်မတီတွေခေါ်ပြီးတော့မှ ဘယ်လို ဆက်ပြီးတော့ လုပ်ရင်ကောင်းမလဲ ဆိုတာ အစည်းအဝေးမှာ ဆုံးဖြတ်ရမယ်။ မနေ့ကမှ မှတ်ပုံတင်ကျတာကြောင့် ကျွန်တော်တို့ တိတိကျကျ မပြောနိုင်သေးဘူး။

မေး – လက်ရှိနိုင်ငံရေးအခြေအနေမှာ တရားဝင်ရပ်တည်ရမယ့် နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ဘယ်လို စိန်ခေါ်မှုတွေရဲ့ ရင်ဆိုင်ရနိုင်လဲ။

ဖြေ – စိန်ခေါ်မှုတွေကတော့ အများကြီးပေါ့နော်။ နိုင်ငံရေးပါတီတွေမှတ်ပုံတင်ကျတယ် ဆိုကတည်းက အခုလောလောဆယ်အနေနဲ့ ကော်မတီကလည်း ဘာမှမထိုင်ရသေးဘူး ဆိုတော့လည်း အတိအကျတော့ မသိဘူး။

သေချာတာ တစ်ခုကတော့ ကျွန်တော်တို့ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံခွင့်က ပိုရလာမယ်။ သွားရေးလာရေး လုံခြုံရေးကအစ အခက်အခဲ အနည်းအကျဉ်း ရှိမှာတော့ သေချာတယ်။

မေး – စစ်ကောင်စီက ပါတီမှတ်ပုံတင်ခွင့်ချပေးဖို့အတွက် တစ်နှစ်ကျော်လောက် အချိန်ယူခဲ့ရတာဆိုတော့ ဒီအပေါ်ကိုလည်း ပါတီအနေနဲ့ ဘယ်လို ရှုမြင်လဲ။

ဖြေ – အဓိက ကတော့ မှတ်ပုံတင် ကျတယ်ဆိုတာက တရားဝင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေရော အားလုံးကို ပြည်သူလူထုကို ကျွန်တော်တို့ချပြလို့ရပြီ။ ထိတွေ့ဆက်ဆံလို့ရတယ်။ နောက်ပြီးတော့ ပြည်သူတွေကို ပါတီအနေနဲ့ ရှေ့ဆက် ဘယ်လို လုပ်ဆောင်သွားရမယ်ဆိုတာ ကျွန်တော်တို့ အကြံဉာဏ် ရယူလို့ရတယ်။

ပါတီမှတ်ပုံတင် မကျခင်ကဆိုရင် တရားဝင်မဟုတ်တဲ့ အတွက် သွားရလာရတာ တော်တော်လေး အခက်အခဲ ဖြစ်တယ်။ ကျွန်တော်တို့ အစည်းအဝေး လုပ်တာကအစပေါ့။

လူထုစည်းရုံးရေးမှာ စုပြီးတော့ စည်းရုံးတာက အစ တရားဝင် ဖြစ်သွားပြီဆိုတော့လည်း အများကြီးကောင်းတာပေါ့။ ပြည်သူလူထုဆီကလည်း အကြံဉာဏ်ပိုပြီးတော့ရလာတယ်။ နောက်ပြီးတော့ ကျွန်တော်တို့လည်း သူတို့ဆီက ဘယ်လို ဆက်လုပ်သွားရမလဲဆိုတဲ့ ဟာကိုလည်း သေသေချာချာ ချပြလို့ရတာပေါ့။

မေး – ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေရဲ့ တွေ့ဆုံပွဲမှာ လာမယ့်နှစ်ကုန်ပိုင်းလောက် ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြောလာတာ ရှိပါတယ်။ အဲဒီအတိုင်းသာ ဖြစ်လာမယ်ဆိုရင် ဆရာတို့ပါတီအနေနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်နဲ့ပတ်သက်လို့ လုံလောက်မှုရှိပါ့မလား။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရော ဘယ်လိုမြင်ပါသလဲ။

ဖြေ – အချိန်ကတော့ လုံလောက်မှုတော့ ရှိတယ်ပေါ့။ ဒါပေမယ့် ရွေးကောက်ဖို့ကအစ ဒီဘယ်လိုဆက်ပြီးတော့ရပ်တည်မလဲ ဆိုတာကအစ အားလုံးကဗဟို ကော်မတီရဲ့ အစည်းအဝေးပေါ်မှာ မူတည်တယ်။ရွေးကောက်ဖို့ကလည်း ဘယ်လို ဆက်ဖြစ်လာမလဲ။ ရွေးကောက်ပွဲကို ဘယ်လိုဝင်ရမလဲ ဆိုတဲ့ဟာက အစ အကုန်လုံးပေါ့။

ရှေ့ဆက်ဖို့ ကော်မတီအစည်းအဝေးရယ်၊ အဲဒီ အစည်းအဝေးတွေက တဆင့် ဆုံးဖြတ်သွားမှာပေါ့။ လောလောဆယ် အတိအကျ မပြောနိုင်သေးဘူး။အဓိက အစည်းအဝေးအပေါ် မူတည်တယ်။ အများကဘယ်လို ဆုံးဖြတ်ချက်ချမလဲပေါ့။ နောက်ပြီးတော့ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ သူတို့ဘယ်လို အကြံဉာဏ်တွေ ပေးလာမလဲပေါ့။ အဲဒီအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.