တနင်္သာရီ၊ စက်တင်ဘာ ၁၅

တနင်္သာရီတိုင်းမှာ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်လာမှုနဲ့အတူ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ သတ်ဖြတ်မှုကြောင့် တစ်လအတွင်း အရပ်သား ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီက နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပြီး အပြစ်မဲ့အရပ်သားပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာလည်း ပိုမိုများပြားလာခဲ့တာပါ။

စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် ဩဂုတ်လအတွင်း အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ပြီး အဲဒီထဲမှာ ၃ ဦးဟာ လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လူနေရပ်ကွက်တွေကို စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အသက် ၆ နှစ်အရွယ် မူလတန်းကျောင်းသားတစ်ဦးနဲ့ အသက် ၈၀ နှစ်အရွယ် သက်ကြီးရွယ်အို နှစ်ဦးလည်း လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့တယ်လို့ FE5 Thanintharyi က ဆိုပါတယ်။

တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ ဒလန်ရှင်းလင်းမှု ခေါင်းစဉ်နဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ ပြန်လည်ဖြစ်ပေါ်ခဲ့သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှု၊ လက်နက်ကိုင်အဖွဲ့အချင်းချင်း သတ်ဖြတ်မှုနဲ့ လက်သည်မပေါ်ဘဲ အသတ်ခံရမှုတွေကြောင့် သေ ဆုံးခဲ့သူ ၁၄ ဦးအထိ ရှိခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒလန်ရှင်းလင်းရေးကြောင့် ကျွန်းစုမြို့နယ် မင်းခေါင်းဆေးရွာက အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် ပျူစောထီး ဦးနောင်မေးနဲ့ ဦးကြယ်စင်အောင်တို့ နှစ်ဦးသေဆုံးခဲ့သလို လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာက ပျူစောထီးရဲ့ ဇနီးဖြစ်သူ ဒေါ်အင်ရွှေတို့ သေဆုံးခဲ့တာပါ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ဘုတ်ပြင်းမြို့နယ်က ကုန်ကားမောင်းသူတွေဖြစ်တဲ့ ကိုအောင်ကိုကိုနဲ့ ကိုသားကမ်းတို့နှစ်ဦးနဲ့ ဆေးကုသဖို့သွားတဲ့ ကိုအာနိုးကို သေဆုံးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကော်သူးလေတပ်ရဲ့ ပစ်ခတ်မှုကြောင့် အရာခံဗိုလ်အငြိမ်းစား စစ် မှုထမ်းဟောင်းဖြစ်တဲ့ အသက် ၆၀ နှစ်ကျော်အရွယ် ဦးတင်သိန်းနဲ့ အသက် ၅၀ နှစ်ကျော်အရွယ် ဇ နီးဖြစ်သူ ဒေါ်ခင်သိန်းတို့နှစ်ဦး သေဆုံးခဲ့ပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် ဖမ်းဆီးခံရသူ ၂၃၀ ထက်မနည်း ရှိခဲ့ပြီး အဲဒီထဲက ၈၆ ဦး ပြန်လွှတ်ခဲ့ကာ ၂ ဦးသေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း စစ်ကောင်စီတပ်နဲ့ လက်ဝေခံ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.