ကျိုက်ထို၊ စက်တင်ဘာ ၁၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ် ခတ်မှုကြောင့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားပြည်သူနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ သိမ်ဇရပ်အခြေစိုက် အမြောက် တပ်နဲ့ ပဲခူးတိုင်းဝေါမြို့နယ် လက်ပံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကနေ လက် နက်ကြီး ၁၃ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးဟာ ခရွဲကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် နေအိမ်မှာ အဝတ်လှန်းနေတဲ့ အသက် ၆၆ နှစ်အရွယ် ဒေါ်ဝင်းအေးနဲ့ လမ်းသွားနေတဲ့ အသက် ၁၈ အရွယ် မောင်ဟိန်းထက်အောင်တို့ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးထိမှန်မှုကြောင့် ဒေါ်ဝင်းအေးဟာ ညာဘက်ခြေသလုံး အသားစပဲ့ထွက် ဒဏ်ရာ၊ မောင်ဟိန်းထက်အောင်ဟာ ညာဘက်နားရွက်စုတ်ပြဲဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် သိမ်ဇရပ်ဆေးရုံမှာ တက်ရောက်ကုသနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေး အင်အားစုအဖွဲ့တွေကတော့ အဲဒီနေ့က လက်ပံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင် စီတပ် တိုက်ခိုက်ခံမှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲ လက်နက်ကြီးပစ်ခတ်တာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်နေ့ကလည်း သိမ်ဇရပ်မြို့ အခိုင်ကျေးရွာအနီး ငါးရှာသွားတဲ့ လူငယ်တစ်ဦးဟာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိမှန်သေဆုံးထားပါတယ်။

လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG/CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.