မော်စကို၊ စက်တင်ဘာ ၁၃

အနောက်တိုင်းက ထုတ်လုပ်ထားတဲ့ တာဝေးပစ် လက်နက်တွေ အသုံးပြုပြီး ရုရှားနိုင်ငံထဲကို အတွင်းပိုင်းအထိ တိုက်ခိုက်ဖို့ ခွင့်ပြုခဲ့မယ်ဆိုရင် အနောက်တိုင်းအနေနဲ့ ရုရှားနဲ့ တိုက်ရိုက် တိုက်ခိုက်ရလိမ့်မယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာ ၁၂ ရက်မှာ သတိပေး ပြောကြားလိုက်ပါတယ်။

အနောက်တိုင်းရဲ့ တာဝေးပစ် ဒုံးကျည်တွေ အသုံးပြုပြီး ရုရှားနိုင်ငံထဲကို မတိုက်ခိုက်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးရေး ယူကရိန်းက တောင်းဆိုထားပြီး ဗြိတိန်နဲ့ အမေရိကန်တို့က မကြာခင် အဖြေပေးမယ်လို့ ပြောထားပါတယ်။

တကယ်လို့ အနောက်တိုင်းက ယူကရိန်းကို ခွင့်ပြုခဲ့မယ်ဆိုရင် စစ်ပွဲရဲ့ သဘောသဘာဝနဲ့ အတိုင်းအတာ ပြောင်းလဲသွားနိုင်တယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။

မော်စကိုရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို ကန့်သတ်နိုင်ရေး အမေရိကန်ထုတ် ATACMS တာဝေးပစ် ဒုံးကျည်စနစ်နဲ့ ဗြိတိန်နိုင်ငံထုတ် Storm Shadows ဒုံးကျည်စနစ်တွေ သုံးပြီး ရုရှားနယ်မြေ အတွင်းနက်နက်ထဲကို တိုက်ခိုက်ခွင့် ပြုပေးဖို့ ယူကရိန်းက အနောက်တိုင်း မဟာမိတ်တွေဆီ တောင်းဆိုထားတာ လနဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ယူကရိန်း တောင်းဆိုတဲ့အတိုင်း ခွင့်ပြုခဲ့မယ်ဆိုရင် ယူကရိန်းကို တာဝေးပစ် ဒုံးကျည်တွေ ပေးပို့ ကူညီနေတဲ့ နိုင်ငံတွေကို စစ်ပွဲထဲ ဆွဲသွင်း သလို ဖြစ်လိမ့်မယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။

တကယ်လို့ ယူကရိန်း အနေနဲ့ အနောက်တိုင်း တာဝေးပစ် ဒုံးကျည်တွေ သုံးပြီး ရုရှားနိုင်ငံထဲကို တိုက်ခိုက်မှုတွေ လုပ်မယ်ဆိုရင် သူတို့မှာ စွမ်းရည်ပိုင်း မပြည့်စုံတာကြောင့် နေတိုး တပ်ဖွဲ့ဝင်တွေရဲ့ အကူအညီကို ရယူရမှာ ဖြစ်တယ်လို့လည်း ပူတင်က ပြောပါတယ်။

Burnt-out cars are seen near a damaged residential building hit by shelling, what local authorities called a Ukrainian military strike, in the course of the Russia-Ukraine conflict in the settlement of Dubovoye outside Belgorod, Russia September 2, 2024. REUTERS/Stringer

ယူကရိန်းက အဲဒီလို လက်နက်တွေ သုံးပြီး ရုရှားကို တိုက်ခိုက်ခွင့်ပြု၊ မပြုဆိုတာက မေးစရာ မလိုဘဲ နေတိုးအဖွဲ့ တိုက်ရိုက်ဝင်ပါလာမှာလား ဆိုတာကိုပဲ မေးရမှာ ဖြစ်ပြီး ဝင်ပါလာရင် အနောက်တိုင်းနဲ့ မိမိတို့ တိုက်ရိုက် တိုက်ခိုက်ရလိမ့်မယ်လို့ ပူတင်က ပြောပါတယ်။

တိုက်ခိုက်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ရင် နေတိုးအဖွဲ့ တိုက်ရိုက် ပါဝင်လာတော့မယ်ဆိုတဲ့ သဘောပဲ ဖြစ်ပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဟာ ယူကရိန်းစစ်ပွဲမှာ တိုက်ရိုက် ပါဝင်လာတော့မယ် ဆိုတဲ့ သဘောပဲဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောကြားပါတယ်။

ကမ္ဘာမှာ နျူကလီးယား လက်နက်အင်အား အကောင်းဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ ရုရှားက သူတို့ရဲ့ နျူကလီးယား လက်နက် အသုံးပြုမှု ဆိုင်ရာ သတ်မှတ်ချက်တွေကို လက်ရှိ အခြေအနေတွေနဲ့ အညီ ပြောင်းလဲသွားမယ်လို့လည်း ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.