မော်လမြိုင် ၊ စက်တင်ဘာ ၁၄

ရှေ့ဆက်သွားမယ့် အခင်းအကျင်းမှာ နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်လာဖို့ လမ်းသစ်တစ်ခုကို ရှာ ဖွေကာ စမ်းသပ်ကြိုးပမ်းဖို့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ် ၇ ဖွဲ့က ဆုံးဖြတ်ထားတယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ် ၇ ဖွဲ့ရဲ့ ဦးဆောင်အဖွဲ့အစည်းဝေးကို ဒုတိယကြိမ်အဖြစ် စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တို့မှာ အွန်လိုင်းကနေ ပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးမှာ အတွင်းရေးမှူးအဖွဲ့ကနေ နိုင်ငံရေးအစီရင်ခံစာတွေအပါအဝင် လုပ်ငန်းအစီရင်ခံ စာတွေကို တင်သွင်းခဲ့ပြီး အဲဒီအပေါ် အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ရှေ့လုပ်ငန်းစဉ်တွေနဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ဖို့ ဘယ် လိုလမ်းစဖော်မလဲဆိုတာ လမ်းသစ်တစ်ခုကို ဆုံးဖြတ်နိုင်ခဲ့တယ်လို့ အပစ်ရပ်မဟာမိတ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

“၂၀၂၁ ကနေ စပြီးတော့ NCA လမ်းကြောင်းအရ ဆွေးနွေးမှုတွေက ရပ်တန့်သွားတယ်။ကျွန်တော်တို့ ၇ ဖွဲ့ကနေ အဲဒီရပ်တန့်ပြီးနောက်ပိုင်းမှာ NCA အနှစ်သာရ သုံးချက်ကို ကိုင်ပြီးတော့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့ ဘယ်လိုလမ်းစဖော်လို့ရမလဲ။ ဘယ် လို Entry Point နဲ့ အစပျိုးလို့ရမလဲဆိုတာကို ကြိုးပမ်းခဲ့တယ်။ သို့သော်လည်းပဲ ၂ နှစ်ကြာကာလအတွင်းမှာ ခရီးမပေါက်တဲ့အတွက်ကြောင့်မို့လို့ လာမယ့်အနာဂတ်မှာ ကျွန်တော်တို့အနေနဲ့ လမ်းသစ်တစ်ခုကို စမ်းပြီးကြိုးပမ်းဖို့ အဲဒီလိုမျိုး ဆွေးနွေးဆုံးဖြတ်နိုင်တာ ရှိပါတယ်”လို့ ဆိုပါတယ်။

အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ရဲ့ နိုင်ငံရေးဆွေးနွေးမှု ပေါ်ပေါက်ရေး လမ်းသစ်ဟာ အသစ်အဆန်းမ ဟုတ်ဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးဆွေးနွေးရေးမှု ဘောင်ကျဉ်းနေတဲ့ကာလမှာ နိုင်ငံရေးပလက်ဖောင်းကျယ်ပြန့်လာအောင် ဘယ်လိုကြိုးပမ်းကြမလဲဆိုတာကိုလည်း ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်မြောက်ဖို့ တွေ့ဆုံပွဲတိုင်းမှာ အလွတ်သဘောကနေစပြီး နှစ်ဘက်အဖွဲ့က အဆင်ပြေတဲ့အချိန်၊ နေရာနဲ့ အာဂျန်ဒါတွေအပေါ် အဆင်ပြေစွာ လိုက်ပါနိုင်မယ့် ဆွေးနွေးမှုမျိုးကို အစပျိုးကာ ကြိုးပမ်းဖို့ စဉ်းစားချက်ရှိနေတာပါ။

ဗိုလ်မှူးကြီး စောကျော်ညွန့်က အခက်အခဲရှိတဲ့ ကာလတစ်ခုအောက်မှာ တိုင်းရင်းသားလက်နက် ကိုင် ၁၂ ဖွဲ့ကနေ သဘောတူညီပြီးသား ဖက်ဒရယ်အခြေခံမူ ၂၄ ချက်ကနေစပြီး ဆွေးနွေးချင်တယ်လို့ ပြောပါတယ်။

“ဒီလိုမျိုး အခက်အခဲရှိတဲ့ ကာလတစ်ခုအောက်မှာ ကျွန်တော်တို့အနေနဲ့ ပေါ့ပေါ့ပါးပါး အကြောင်း အရာလေးတွေကနေ စချင်တယ်။အဓိကတော့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ သဘောတူညီထားပြီးသား ဖက်ဒရယ်အခြေခံမူ ၂၄ ချက် ကနေစပြီးတော့ ဆွေးနွေးချင်တယ်။ပြီးတော့ ဆွေးနွေးရင်းနဲ့လည်း လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်တဲ့ လမ်းကြောင်းကိုလည်း ကျွန်တော်တို့ အစပျိုးချင်တယ်”လို့ ဆိုပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ နိုင်ငံအနှံ့ ဖြစ်ပေါ်နေတဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လက် နက်ကိုင် တိုက်ပွဲဟာ စနစ်ပြောင်းတော်လှန်ရေးကို ဦးတည်နေတဲ့အတွက် စစ်တပ်နိုင်ငံရေးကနေ မထွက်မချင်း ဆွေးနွေးရေး မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။

အပစ်ရပ် မဟာမိတ် ၇ ဖွဲ့အနေနဲ့ လက်ရှိ ပဋိပက္ခကို ဖြေရှင်းရာမှာ ငြိမ်းချမ်းစွာအဖြေရှာလိုတဲ့ အင် အားစုတွေရဲ့ သဘောထားတွေ ဖော်ထုတ်နိုင်ရေးအတွက် အခင်းအကျင်းနဲ့ နည်းလမ်းတွေ ဖော်ဆောင်သွားဖို့ ရည်မှန်းထားတာပါ။

ဒါကြောင့် ပြီးခဲ့တဲ့ မတ်လအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ အပစ်ရပ် ၇ ဖွဲ့ရဲ့ မျက်နှာစုံ ညီအစည်း အဝေးကနေ စုဖွဲ့မှုပုံစံအသစ်နဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ် ၇ ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီအဖွဲ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊မွန်ပြည်သစ်ပါတီ၊ရခိုင်ပြည်လွတ်မြောက် ရေးပါတီ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်၊ကရင်ငြိမ်းချမ်းရေးကောင်စီ၊လားဟူဒီမိုကရက်တစ်အစည်းအရုံးနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့ ပါဝင်ပါတယ်။

အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ရဲ့ ဦးဆောင်အဖွဲ့မှာတော့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ မွန်ပြည်သစ်ပါတီNMSP ဒုဥက္ကဌ နိုင်အောင်မင်းတို့က အဖွဲ့ခေါင်းဆောင်နဲ့ ဒုအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-7EAOs

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.