ဝါရှင်တန်၊ စက်တင်ဘာ ၁၃
ဒေါ်နယ် ထရန့်က သူ့ရဲ့ ပြိုင်ဖက် ကာမယ်လာ ဟားရစ်နဲ့ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် နောက်ထပ် တစ်ကြိမ် စကားစစ်ထိုးတော့မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
သမ္မတလောင်းနှစ်ဦး ဖီလာဒေးဖီးယားမြို့မှာ ပထမဆုံး စကားစစ်ထိုးပွဲ ကျင်းပခဲ့ပြီးနောက် နှစ်ရက်အကြာ စက်တင်ဘာ ၁၂ ရက်မှာ ရီပါဘလစ်ကန် သမ္မတလောင်း ထရန့်က အခုလိုမျိုး ပြောဆိုခဲ့တာ ဖြစ်ပြီး ကာမယ်လာ ဟားရစ်က နောက်တစ်ကြိမ် စကားစစ်ထိုးပွဲ ကျင်းပစေလိုတာဟာ ပထမတစ်ကြိမ်မှာ မိမိ အနိုင်ရရှိခဲ့တာကြောင့် ဖြစ်တယ်လို့ သူက ဆိုပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/09/f9e074f4-a673-4596-915d-dc6c0416cd28.jpg?resize=640%2C427&ssl=1)
အဲဒီ စကား စစ်ထိုးပွဲပြီးနောက် ပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေမှာ လူအများစုက ဟားရစ်ဟာ ထရန့်ထက် စွမ်းဆောင်ရည် ပိုကောင်းခဲ့တယ်လို့ ထင်ကြောင်း ပြောကြားခဲ့ကြတာ တွေ့ရပါတယ်။
ထရန့်က ဟားရစ် အနေနဲ့ နောက်တစ်ကြိမ် စကားစစ်ထိုးဖို့ထက် သူ့ရဲ့ ဒုသမ္မတ တာဝန်တွေကိုပဲ အာရုံစိုက်သင့်တယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ နှစ်လတောင် မလိုတော့တဲ့ အချိန်မှာ ကိုယ်စားလှယ်လောင်း နှစ်ဦးဟာ ထောက်ခံမှုအရ အကြိတ်အနယ် ဖြစ်နေကြောင်း သဘောထား စစ်တမ်းတွေမှာ ဖော်ပြနေပါတယ်။
ABC News သတင်းဌာနက လက်ခံ ကျင်းပပေးခဲ့တဲ့ စကားစစ်ထိုးပွဲမှာ အနိုင်ရကြောင်း နှစ်ဦးစလုံးက ပြောဆိုနေကြပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/09/w980-p16x9-2024-09-12T100051Z_2092259259_RC24Y9AY3KM1_RTRMADP_3_USA-ELECTION-TRUMP-CHINA.jpg?resize=640%2C360&ssl=1)
စကားစစ်ထိုးပွဲမှာ ဟားရစ်က ထရန့်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ တသီကြီး ပြုလုပ်ခဲ့တာကြောင့် ထရန့်ကို ခံစစ် အနေအထား ရောက်ရှိသွားစေခဲ့ပါတယ်။
ထရန့်နဲ့ ရီပက်ဘလေကန် ထောက်ခံသူတွေက ABC News သတင်းဌာနဟာ ဟားရစ်ဘက်ကို ဘက်လိုက်ခဲ့တယ်လို့ စွပ်စွဲထားကြပါတယ်။
ဒုသမ္မတ ဟားရစ်အနေနဲ့ ဒုတိယ စကားစစ်ထိုးပွဲအတွက် အဆင်သင့် ရှိနေတယ်လို့ သူ့ရဲ့ မဲဆွယ်ရေးအဖွဲ့က ပြောကြားပေမယ့် ထရန့်က မိမိတို့ အနေနဲ့ အရာအားလုံးကို ဆွေးနွေးခဲ့ပြီးပြီဖြစ်လို့ နောက်တစ်ကြိမ် စကားစစ်ထိုးစရာမလိုဘူးလို့ ထင်ကြောင်း ပြောကြားထားပါတယ်။
ဆုလိုချင်လို့ ဝင်ပြိုင်သူ တစ်ယောက် အနေနဲ့ ပြိုင်ပွဲမှာ ရှုံးသွားခဲ့ရင် သူ့ပါးစပ်က အရင်ဆုံး ထွက်လာတဲ့စကားက ငါထပ်ပြီး ပြိုင်ချင်သေးတယ်ဆိုတာပဲ ဖြစ်ပါတယ်လို့ ထရန့်က ပြောဆိုထားပါတယ်။
Ref:BBC