ဟနွိုင်း၊ စက်တင်ဘာ ၉

အခုနှစ် အာရှတိုက်ရဲ့ အားအပြင်းဆုံး မုန်တိုင်းဖြစ်တဲ့ စူပါတိုင်ဖွန်း ယာဂီကြောင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းမှာ လူ ၂၁ ဦး သေဆုံးခဲ့ပြီး ၂၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပါတယ်။

အဲဒီမုန်တိုင်းဟာ အပူပိုင်း လေဖိအားနည်းရပ်ဝန်း တစ်ခုအဖြစ် အားပျော့သွားခဲ့ပေမယ့် အနောက်ဖက် စူးစူးသို့ ရွေ့လျားနေချိန်မှာ နောက်ထပ် ရေကြီးရေလျှံမှုတွေ မြေပြိုမှုတွေ ဖြစ်ပွားနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ ဒေသစံတော်ချိန် ညသန်းခေါင်ကျော်မှာ တောင်ထူထပ်တဲ့ ဟွာဘင်းပြည်နယ်ရှိ တောင်တစ်လုံးရဲ့ တစ်စိတ်တစ်ပိုင်းဟာ လူနေအိမ်တွေအပေါ် ပြိုကျခဲ့တာကြောင့် လူသေဆုံးမှုတွေရှိခဲ့ပြီး သေဆုံးသူတွေထဲမှာ မိသားစုဝင် လေးဦး ပါဝင်တယ်လို့ သိရပါတယ်။

အသက် ၅၁ နှစ်အရွယ် အမျိုးသား တစ်ဦး ထွက်ပြေး လွတ်မြောက်နိုင်ခဲ့ပေမယ့် သူ့ဇနီး၊ သမီးနဲ့ မြေးနှစ်ဦး မြေမြုပ်သွားခဲ့ပါတယ်။
သူတို့ရဲ့ ရုပ်အလောင်းတွေကို နောက်ပိုင်းမှာ ပြန်ရှာတွေ့ခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံမြောက်ပိုင်း တောင်ထူထပ်တဲ့ လာအိုကိုင်ပြည်နယ် ဆာပါဒေသမှာ စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်းမှာ မြေပြိုမှု တစ်ခု ဖြစ်ပွားပြီး လူ ၁၇ ဦး မြေကြီးထဲ မြုပ်သွားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကြေညာထားပါတယ်။

အဲဒီနောက်ပိုင်း သူတို့ထဲက ခြောက်ဦးကို သေဆုံးလျက် တွေ့ရှိခဲ့ပြီး ကျန် ၉ ဦးကတော့ ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ် တချို့ ပါဝင်ကြောင်း ဗီယက်နမ် အရာရှိတွေက ပြောပါတယ်။

ဗီယက်နမ် မြောက်ပိုင်းသို့ စက်တင်ဘာ ၇ ရက်မှာ ယာဂီမုန်တိုင်း ဝင်ရောက်တိုက်ခတ်ချိန်အတွင်း လေတိုက်နှုန်း တစ်နာရီ ၁၂၆ မိုင် အထိရှိတယ်လို့ အင်ဒို-ပစိဖိတ် အပူပိုင်း ဆိုင်ကလုန်း သတိပေးစင်တာက ပြောကြားပါတယ်။

မုန်တိုင်းကြောင့် အဆောက်အဦတွေ ခေါင်မိုး ကျွတ်ထွက်ပြီး သစ်ပင်တွေ အမြစ်က ကျွတ်ထွက်ခဲ့သလို မြို့တော် ဟနွိုင်း အပါအဝင် ဒေသတလွှား လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ် နေပါတယ်။

ငါးဖမ်းသမား တော်တော်များများ ပျောက်ဆုံးနေကြောင်း သတင်း ထွက်ပေါ်လာခဲ့ပြီးနောက် ပင်လယ်ပြင်မှာ ပျောက်ဆုံးနေသူ ၂၇ ဦးကို လိုက်ရှာနေဆဲ ဖြစ်ပါတယ်။

ဟနွိုင်း အပါအဝင် မြောက်ပိုင်း ပြည်နယ် ၁၂ ခုမှာ စာသင်ကျောင်းတွေကို ယာယီပိတ်ထားပါတယ်။

ဗီယက်နမ်ကို မဝင်ရောက်ခင် ဒီမုန်တိုင်းဟာ တရုတ်နိုင်ငံ ဟိုင်နမ်ကျွန်းနဲ့ ဖိလစ်ပိုင်သို့လည်း ဝင်ရောက် တိုက်ခတ်မှုကြောင့် လူ ၂၄ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.