ရေး၊ စက်တင်ဘာ ၆

မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်လမ်းဝ ရာမညစက်သုံးဆီဆိုင်အနီးမှာ စစ်ကောင်စီတပ် လက် နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စက်တင်ဘာ ၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ရာမညစက်သုံးဆီဆိုင်အနီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ လုံခြုံရေးစစ်ဆေးနေစဉ် မော့ကနင်အခြေစိုက် စစ်ကောင်စီရဲ့အမှတ် ၃၁၇ အမြောက်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကွမ်းယာဆိုင်အနီးထိုင်နေတဲ့ အသက် ၅၃ နှစ်အရွယ် ဦးမြင့်နိုင်အပါအဝင် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးထိမှန်မှုကြောင့် စိုးရိမ်တဲ့ဒေသခံ ဦးမြင့်နိုင်ကို လမိုင်းဆေးရုံကနေ မော်လမြိုင်ဆေးရုံ ပို့ဆောင်ထားပြီး ကျန်နှစ်ဦးကတော့ လမိုင်းဆေးရုံမှာ တက်ရောက်ကုသနေပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုအတွင်း တော်လှန်ရေးရဲဘော်တစ်ဦးလည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တော်လှန်ရေးရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်မှုနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်ထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် မြေပြင်အခြေအနေ အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။

လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တဲ့ နှစ်ကရင်လမ်းဝမှာ အရင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်ခဲ့တာဖြစ်ပြီး စက်တင်ဘာလဆန်းပိုင်းက ပြန်လည်ဆုတ်ခွာသွားတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်နေ့ကလည်း နှစ်ကရင်လမ်းဝမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက် ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.