မောင်တော၊ ဩဂုတ် ၂၆

ရခိုင်ပြည်နယ် မောင်တောမြို့ဟာ ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မကြာခင်မှာ အလုံးစုံ ထိန်းချုပ်နိုင်တော့မယ့် မြို့တစ်မြို့ ဖြစ်လာတော့မယ်လို့ AA က ဩဂုတ် ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲကို AA က ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပေမယ့် မြို့ ပတ်ဝန်းကျင်ရှိ တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ဖို့အတွက် ကြိုးပမ်းနေတာဟာ သုံးလနီးပါး ကြာမြင့်ခဲ့ပြီလို့ ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲ နှစ်ပတ်နီးပါးကြာမြင့်ပြီးနောက် စစ်ကောင်စီတပ်၊ စစ်ကောင်စီသင်တန်းဆင်း မွတ်စလင်လက်နက်ကိုင် အဖွဲ့တွေအပြင် ARSA၊ RSO နဲ့ ARA တပ်ဖွဲ့တွေဟာ ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်အောက်မှာ အထိအခိုက်၊ အကျအဆုံးတွေနဲ့အတူ ထွက်ပြေးတာ၊ လက်နက်ချ အညံ့ခံတာတွေ ရှိနေပါတယ်။

မောင်တောမြို့အတွင်း စစ်ကောင်စီနဲ့ အပေါင်းအပါတွေရဲ့ ခံစစ်နေရာတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ထားပြီး ဖြစ်သလို အနည်းငယ် ကျန်ရှိနေတဲ့ ခံစစ်နေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ အသိပေးထားပါတယ်။

မောင်တောမြို့ကို လက်လွှတ်ဖို့ သေချာနေပြီး ဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ ယုတ်မာတဲ့ အကျင့်အတိုင်း မြို့တွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတွေ ပြုလုပ်ပြီး တိုက်ပွဲတွေမှာ ရတဲ့နည်းလမ်းနဲ့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ AA က ဆိုပါတယ်။

ဒါ့အပြင် သံတွဲမြို့နဲ့ ကပ်လျက်ရှိတဲ့ ကျိန္တလီ၊ မောင်ရွှေလေး၊ ကွင်းဝိုင်း အစရှိတဲ့နေရာမှာလည်း နှက်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ ကြည်း၊ ရေ၊ လေ စုပေါင်းကာ ပြန်လည်ခုခံနေတာကြောင့် တစ်ရက်ထက် တစ်ရက် တိုက်ပွဲ ပြင်းထန်လာတယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော်အနေနဲ့ စစ်ရေးရည်မှန်းချက်အတိုင်း ရခိုင်ဒေသအတွင်းရှိ လက်ကျန်မြို့တွေကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသလို လက်နက်ချ အညံ့မခံဘဲ ခုခံနေတဲ့ စခန်းအားလုံးကို ဆက်လက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ရခိုင်ဒေသမှာ စတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ရက္ခိုင့်တပ်တော် AA ဟာ ချင်းပြည်နယ် ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ်က မြို့ ၉ မြို့ထက်မနည်း သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.